လားရှိုးနဲ့ သိန္နီကြား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - Eastern Review)

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီအကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အနီးအနားရှိ ဒေသခံရွာသားတွေကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး တင်ပြပေးပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ ပြီးခဲ့တဲ့ ရက်တွေက စက်သုံးဆီတင်ယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဒီကနေ့ မနက်အစောမှာတော့ သိန္နီမြို့နယ်က ရေပူအမြဲတမ်းဂိတ်ကို ၂ ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

SEE ALSO: ကွတ်ခိုင်အထွက် လောင်စာဆီတင်ကားကို KIA တိုက်ခိုက်

“ဒီမနက်ကတဲ့ ၆ နာရီလောက်မှာ ရေပူဂိတ်ကို ဝင်ပစ်တာပေါ့နော်။ သူတို့ နာရီဝက်လောက်ပဲ ပစ်ကြတယ်လို့ ပြောတယ်။ ပစ်ပြီးတော့ ပြန်ပြီးတော့ ဆုတ်သွားတာပေါ့နော်။ မဟာမိတ်အဖွဲ့လို့ - သူတို့ ပြောပုံအရတော့ ကိုးကန့်လည်း ပါတယ်ဆိုတော့ မဟာမိတ်ဖြစ်ပုံရတယ်ပေါ့နော်။ အဲဒါ ၆ နာရီခွဲလောက်မှာ ပြန်ဆုတ် သွားတယ်တဲ့။ ဆုတ်သွားပြီးတော့ တစ်ခါ ၇ နာရီကျော်ကျော်မှာ တစ်ခါ ပြန်လာပစ်တယ်တဲ့။ နှစ်ခါ ပစ်တယ်လို့ ပြောတယ်။”

ဒီပစ်ခတ်မှုမှာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ပြောပါတယ်။

“အထိအခိုက်ကတော့ မနက် ၆ နာရီဆိုတော့ ရေပူဂိတ်မှာ ခရီးသည်ကားတွေ အများကြီး ရှိတယ်လို့ ပြောတယ်။ ကုန်တင်ကားတွေ၊ ခရီးသည်ကားတွေလေ။ ဂိတ်မဖွင့်သေးတော့ စောင့်နေကြတဲ့ ဂိတ်တွေ ရှိတဲ့အခါကျတော့ ခရီးသည်တစ်ယောက်တော့ ထိသွားတယ်လို့ ပြောတယ်။ နောက်ပြီးတော့ အဲဒီ စရဖ လက် ထိသွားတယ်လို့ ပြောတယ်။ စရဖ တစ်ယောက်။ ဟိုဘက်ကတော့ သူတို့ ဆုတ်သွားတဲ့နေရာမှာ လိုက်ကြည့်တော့ သွေးတွေတော့ အများကြီးတွေ့တယ်လို့ ပြောတယ်။ အဲဘက်ကလည်း အထိအခိုက်ရှိမယ်နဲ့ တူတယ်။”

ရေပူဂိတ်ဟာ သိန္နီမြို့နယ် ပိန်းဆာရွာအနီးမှာ ရှိပြီး မနက် ၄ နာရီလောက်ကလည်း လားရှိုးနဲ့ သိန္နီမြို့နယ် အစပ်က ပန်ဖတ်ရွာမှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

သိန္နီမြို့ခံတွေကို မေးမြန်းရာမှာတော့ ၂ ကြိမ်တိုက်ခိုက်တယ်လို့ သိရကြောင်းနဲ့ ၉ နာရီလောက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်း ပြောပါတယ်။

ဒေသခံတွေက KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်လက်နက်ကိုင်တွေ စုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ ပြောဆိုပေမဲ့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်ကတော့ တိုက်ပွဲဖြစ်တဲ့သတင်း မရရှိကြောင်း ပြောပါတယ်။

“လောလောဆယ်မှာတော့ ကျနော်တို့ ဆီမှာ တိုက်ပွဲသတင်းရောက်လာတာတော့ မရှိသေးဘူး။ မသိရသေးဘူး။”

MNDAA ကိုးကန့်အဖွဲ့ကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ ဖုန်း လက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါနေ့တွေကလည်း ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တပ်မတော်တွက် သယ်ယူလာတဲ့ ဆီဘောက်ဆာ ကား ၇ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA က သတင်းထုတ်ပြန် ထားပါတယ်။

တပ်မတော်ဘက်ကတော့ KIA က တိုက်ခိုက်ခဲ့တာဟာ အများပြည်သူအသုံးပြုဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေက တင်သွင်းလာတဲ့ စက်သုံးဆီကားတွေဖြစ်ကြောင်းနဲ့ တပ်မတော်အတွက် သယ်ဆောင်လာတာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ အရင်သီတင်းပတ်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ ကြိုးကြားပစ်ခတ်တာရှိပေမဲ့ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။ မံစီမြို့နယ်အတွင်းက မံဝိန်းလေး၊ ကုန်းတိန်နဲ့ ဟန်ထက်ရွာတွေဘက်မှာတော့ စစ်ရေးတင်းမာတာတွေ ရှိနေပြီ ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

Your browser doesn’t support HTML5

လားရှိုးနဲ့ သိန္နီကြား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

[Unicode Version]

လားရှိုးနဲ့ သိန်နီကွား စဈဆေးရေးဂိတျ တိုကျခိုကျခံရ






SEE ALSO: သီပေါနဲ့ နမ္မတူမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်








