နှုတ်ထွက်ဝန်ကြီးချုပ် Hariri လက်ဘနွန်ပြန်မည်

လက်ဘနွန်ဝန်ကြီးချုပ် Saad Hariri နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ကို ပဲရစ်မြို့က Elysee နန်းတော်တွင် စနေနေ့က တွေ့ရစဉ် (Nov. 18, 2017)

လက်ဘနွန်သမ္မတ Michel Aoun နဲ့ တယ်လီဖုန်းပေါ်မှာ ပြောဆိုဆွေးနွေးခဲ့တဲ့ လက်ဘနွန်ဝန်ကြီးချုပ် Saad Hariri က သူဟာ လာမယ့် ရက်ပိုင်းအတွင်း လက်ဘနွန်မြို့တော် ဘေရွတ်ကို ပြန်မှာဖြစ်ပြီး လက်ဘနွန်ရဲ့ အကြပ်အတည်းနဲ့ ပတ်သက်လို့ သူ့ရဲ့ရပ်တည်ချက် သဘောထားကို ကြေညာသွားမယ်လို့ ပြင်သစ်သမ္မတ နန်းတော် Elysee မှာ စနေနေ့က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ် ဟာရီရီ ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ Elysee နန်းတော်မှာ စနေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

“ လက်ဘနွန်နိုင်ငံ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး၊ လာမယ့် ရက်ပိုင်းအတွင်း ကျနော် ဘေရွတ်မြို့ကို ပြန်မှာပါ …၊ လက်ဘနွန် လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း တက်ရောက်မှာပါ။ သမ္မတ Michel Aoun နဲ့တွေ့ဆုံပြီးတာနဲ့ ကျနော့်ရဲ့ရပ်တည်ချက်ကို ကြေညာသွားပါမယ်..” လို့ ပြင်သစ်သမ္မတ Macron နဲ့ တွေ့ဆုံအပြီး လက်ဘနွန်ဝန်ကြီးချုပ် ဟာရီရီက ပြောပါတယ်။

Elysee နန်းတော်မှာ တွေ့ဆုံစဉ် လက်ဘနွန်နိုင်ငံရေးမှာ မစ္စတာ ဟာရီရီရဲ့ အခန်းကဏ္ဍကို ကူညီဖြေရှင်းပေးဖို့အတွက် ပြင်သစ်သမ္မတက ကမ်းလှမ်းခဲ့ပါတယ်။ အခုလ အစောပိုင်းတုန်းကတော့ မစ္စတာ ဟာရီရီဟာ လက်ဘနွန်ဝန်ကြီးချုပ် အဖြစ်ကနေ နှုတ်ထွက်ကြောင်း ဆော်ဒီရုပ်သံ ကတဆင့် ကြေငြာခဲ့တာကြောင့် အခြေအနေတွေ ရှုပ်ထွေးနေပြီး မရေမရာ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

မစ္စတာ ဟာရီရီရဲ့ ရာထူးကနှုတ်ထွက်လွှာကို လက်ဘနွန်နိုင်ငံက အသိအမှတ် မပြုခဲ့တဲ့အတွက် သူ့ကို လက်ဘနွန်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်နဲ့ လက်ခံကြိုဆိုကြောင်း သောကြာနေ့တုန်းက ဆွီဒင်နိုင်ငံကို ရောက်ရှိနေစဉ် ပြင်သစ်သမ္မတက ပြောပါတယ်။ အဲဒီမတိုင်ခင်က ပြည်ပကို ထွက်လာခဲ့တဲ့ လက်ဘနွန် ဝန်ကြီးချုပ်ကို သူအနေနဲ့ တွေ့ဆုံမယ် မဆုံဘူးဆိုတာ ပြင်သစ်သမ္မတက မှတ်ချက်ပေးပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဝန်ကြီးချုပ် ဟာရီရီက သူနှုတ်ထွက်ရတဲ့အပေါ် အီရန်နိုင်ငံနဲ့ လက်ဘနွန်အစိုးရထဲပါတဲ့ Hezbollah အဖွဲ့တို့ကို အပြစ်တင်လိုက်ပြီး သူ့အသက် အန္တရာယ် စိုးရိမ်ကြောင်းလဲ ပြောပါတယ်။

Your browser doesn’t support HTML5

နှုတ်ထွက်ဝန်ကြီးချုပ် Hariri လက်ဘနွန်ပြန်မည်