လောင်းလုံးမှာ စစ်တပ်က ရွာတွေ မီးရှို့၊ ဖမ်းဆီး၊ သတ်ဖြတ်နေကြောင်း ဒေသခံတွေပြော

ယခင်မှတ်တမ်းရုပ်ပုံ | တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီအဖွဲ့ အင်အားထပ်တိုးထားတဲ့ စစ်ကြောင်းနှစ်ကြောင်းဟာ ရွာတွေထဲဝင် မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ရွာခံတွေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန်မှာ ဒေသခံတချို့ ပစ်သတ်ခံရတာလည်း ရှိတယ်လို့ ပြောပါတယ်။ လောင်းလုံးမြို့နယ်ထဲမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြပေးထားပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ အရင်က စစ်ကောင်စီစစ်ကြောင်းဟာ မောင်းမကန်နဲ့ အနီးတဝိုက်က ရွာတွေထဲကို ဝင်ရောက်နေတဲ့ အဖွဲ့ တဖွဲ့ပဲ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၁၀၄ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ နောက်ထပ်စစ်ကြောင်းတခု ထပ်တိုးလာတာ တွေ့ရတယ်လို့ လောင်းလုံး ပကဖရဲဘော်တဦးက ပြောပါတယ်။

"စစ်ကြောင်းက ၂ နေရာထိုးတယ်။ ခွဲပြီးတော့ ထိုးတာပေါ့နော်။ ပထမက တနေရာပဲထိုးတာ။ တနေရာပဲထိုးတဲ့ အခါကျတော့ သဘော့ဆိပ်၊ ပြင်ကြီး၊ မောင်းမကန်ဘက်ကို စထိုးတာပေါ့။ အဲဒီထိုးတဲ့အချိန်မှာပဲ ခလရ ၁၀၄ ကို အဖွဲ့တဖွဲ့ကနေပြီးတော့ လာပစ်တာ။ သေနတ်တွေလည်း ရလိုက်တယ်ပေါ့။ အဲဒီတော့ ခလရ ၁၀၄ ကနေပြီးတော့ စစ်ကြောင်းတကြောင်း ပြန်ထွက်တယ်။ ပြန်ထွက်တော့ မြို့ဟောင်းရွာဘက်ကို အဲဒီစစ်ကြောင်းထိုးသွားတယ်။ စစ်ကြောင်းက ၂ ကြောင်းဖြစ်သွားတယ်။ အင်အားကတော့ စစ်ကြောင်းတကြောင်းမှာ ၁၅၀ နီးပါးလောက်ရှိတယ်ဗျ။ ၁၀၀ ကျော်တွေချည်းပဲ။"

စစ်ကြောင်း ရွာတွေထဲကိုဝင်ရင် လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ရွာသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဖြစ်စဉ်ကလည်း လောင်းလုံးမြို့နယ်မှာ ရှိနေပါတယ်။ အခုနောက်ထပ်တိုးလာတဲ့ စစ်ကြောင်းဟာ မြို့ဟောင်း၊ ဖွားဘုတ်ပြင်၊ ဘူချိုင်းနဲ့ စခန်းကြီး၊ စွန်တောင်ပေါ် အဲဒီရွာတွေမှာ လှည့်လည်နေတာလို့ ပြောပါတယ်။

"မောင်းမကန်ဘက်မှာ စစ်ကြောင်းကတော့ လဝက်လောက်တော့ ရှိနေပြီဗျ။ အဲဒီစစ်ကြောင်း မထိုးခင်ကနေပြီးတော့ စစ်ကြောင်းထိုးတဲ့ အချိန်အထိ ကြားထဲမှာလည်း ပြည်သူတွေ သေဆုံးမှုရှိတယ်။ သူတို့လက်နက်ကြီးနဲ့ ရွာထဲကိုပစ်လို့ သေဆုံးတာတွေရှိတယ်။ သူတို့စစ်ကြောင်းလာတဲ့အချိန် ဖြတ်ပြေးတာတွေ့လို့ ပစ်သတ်လိုက်တာတွေရှိတယ်။ မနေ့ကကြတော့ မြို့ဟောင်းရွာဘက်မှာ ရောက်နေတဲ့ စစ်ကြောင်းကနေပြီးတော့ ရွာသား ၃ ဦးကို ဖမ်းပြီးတော့ ပစ်သတ်လိုက်တယ်ဆိုတာ ကျနော်တို့ကြားရတယ်။ စစ်ကြောင်းက မရွေ့ဘဲနဲ့ ၂ ရွာ၊ ၃ ရွာပတ်ပြီးတော့ မီးရှို့နေတယ်။"

စစ်ကြောင်းရွာထဲဝင်ချိန်မှာ ရွာသားတချို့ ပစ်သတ်ခံရတဲ့ အခြေအနေတွေကို ဒေသတွင်း မီဒီယာတွေမှာလည်း ဖော်ပြထားကြပါတယ်။

"ဒီစစ်ကြောင်းတွေက အဲဒီနားတဝိုက်မှာပဲ ရှိနေသေးတယ်ဗျ။ မီးရှို့လိုက်၊ အဲဒီနားမှာနေလိုက်၊ အဲဒီလိုပဲနေ နေတယ်။ ဖမ်းလိုက်၊ ပြန်လွှတ်လိုက်၊ အဲလိုမျိုးလည်း ရှိသေးတယ်ဗျ။ အခုက ဒေသခံတွေက အတွေ့မခံရဲတော့ဘူး။ သူတို့စစ်ကြောင်းထိုးလာရင် အကုန်လုံးက ထွက်ပြေးကြတယ်။ တောတွေ တောင်တွေထဲမှာ သူတို့က မိုးနဲ့ လေနဲ့ဗျာ၊ ဒုက္ခခံပြီးတော့ ရက်အကြာကြီးနေ နေရတာပေါ့နော်။ အဲဒီကြားထဲမှာမှ ပြန်ဖမ်းမိတဲ့ဟာတွေလည်း ရှိတယ်ဗျ။"

ရွာမှာနေထိုင်သူတွေက သူတို့ရဲ့ ရွာနဲ့အနီးတဝိုက်မှာ စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ဘေးလွတ်ရာဆီ ထွက်ပြေးကြတာပါ။ ရွာရဲ့ခပ်လှမ်းလှမ်းကနေ အခြေအနေကို စနည်းနာရင်း ရွာထဲပြန်ဝင်နိုင်ဖို့ကို စောင့်နေကြတယ်လို့ ထွက်ပြေးနေတဲ့ ရွာခံတဦးက ပြောပါတယ်။

"အကုန်မီးရှို့တယ်၊ ဘယ်နှစ်အိမ်မှန်းလည်း မသိသေးဘူး။ မီးရှို့တော့ သူတို့ရှို့သွားနေတယ်။ မနေ့တုန်းက ပစ်ထားခဲ့တယ်ပြောတယ်၊ ဘယ်နှစ်ယောက် အပစ်ခံရလည်း မသိသေးဘူး။ သူတို့မီးရှို့ပြီး ကား ၃ စီးသွားတာ၊ ၂ စီးတော့ပြန်လာပြီတဲ့၊ ၁ စီးကျန်သေးတယ်တဲ့။ တိုက်ပွဲမရှိဘူး၊ သက်သက်မဲ့ကို လိုက်ပစ်နေတာ။ ဆိုးတယ်၊ ဆိုးတယ်၊ နည်းနည်းနောနော ဆိုးတာမဟုတ်ဘူး။ ကလေးလေးတွေကအစ အကုန်ပြေးတယ်။ အကုန်ပြေးနေရတာ၊ တယောက်မှ မကျန်ဘူး။ ကျနော်တို့ ရွာသားတွေလည်း အကုန်ရှောင်နေရတာပဲ။"

လောင်းလုံးမြို့နယ်ထဲက စစ်ကြောင်း ၂ ခုထဲမှာ တခုက မောင်းမကန်နဲ့ အနီးတဝိုက်က ရွာတွေထဲမှာ အထိုင်ချပြီး၊ ခြေလျင်တပ်ရင်း ခလရ ၁၀၄ တိုက်ခိုက်ခံရပြီးနောက် ထပ်တိုးလိုက်တဲ့ စစ်ကြောင်းကတော့ ဩဂုတ်လ ၃၁ ရက်နေ့ကစပြီး ဒီကနေ့အထိ ရွာမီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးနေတယ်လို့ ထွက်ပြေးနေတဲ့ ရွာခံတွေက ပြောပါတယ်။

Your browser doesn’t support HTML5

လောင်းလုံးမှာ စစ်တပ်က ရွာတွေ မီးရှို့၊ ဖမ်းဆီး၊ သတ်ဖြတ်နေကြောင်း ဒေသခံတွေပြော