လွိုင်ကော် စစ်ပြေးဒုက္ခသည်များ ကိုဗစ်အန္ဆရာယ် ကိုသတိမထားနိုင်

လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန် "AFP PHOTO / KANTARAWADDY TIMES "

လွိုင်ကော် စစ်ပြေးဒုက္ခသည်များ ကိုဗစ်အန္ဆရာယ် ကိုသတိမထားနိုင်
{{Zawgyi/Unicode}}

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အိုးအိမ်ပစ်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေကြရသူတွေအနေနဲ့ အန္တရာယ်ဘေးကလွတ်အောင် အာရုံစိုက်နေရတဲ့အတွက် ကိုဗစ်ကပ်ရောဂါကို သတိမထားနိုင်ကြဘူးလို့ ပြောပါတယ်။ ဒုက္ခသည်စခန်းတွေကနေ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှာ စိုးရိမ်နေကြပေမယ့် ပရဟိတ ကူညီနေသူတွေအနေနဲ့က ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့ဆောင်ရွက်ဖို့ ခက်ခဲနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြိုနဲ့ အနီးတဝိုက်က ဒေသခံတွေဟာ တိုက်ပွဲဒဏ်တွေကြောင့် ကိုယ့်ရဲ့နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးနေရတာပါ။ အများစုက ရှမ်းပြည်ဘက်ကို ထွက်ပြေးခိုလှုံနေကြပြီး ဒေသခံတွေ စီစဉ်ပေးထားတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ ရောက်လာသူအများစုက အမျိုးသမီးတွေဖြစ်ပြီးတော့ အဲဒီထဲမှာ သက်ကြီးရွယ်အို၊ နာမကျန်းသူ၊ ကလေးငယ်တွေနဲ့ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်တွေပါ ပါဝင်ပါတယ်။

သူတို့တွေ အတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပအိုဝ်း ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ PHWC က ကူညီပေးနေပါတယ်။ ဆီဆိုင်မြို့နယ်နဲ့ ရှမ်း - ကယားနယ်စပ်မှာ လှည့်လည်ပြီး စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ PHWC ရဲ့ လုပ်ငန်းညှိနှိုင်းဆောင်ရွက်သူ ခွန်စည်သူကပြောပါတယ်။ လူဦးရေအများအပြားရှိနေတဲ့ ယာယီစခန်းတွေမှာ ကပ်ရောဂါကူးစက်မှု မရှိစေဖို့အတွက် ဒေသခံတွေ ဝိုင်းဝန်းကြိုးစားနေကြပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့လိုတယ်လို့ ခွန်စည်သူကပြောပါတယ်။

" လောလောဆယ် ကျနော်တို့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ management လုပ်နိုင်တာတော့ မရှိသေးဘူးပေါ့။ ကျနော်တို့ဆီမှာ Covid Test တွေတော့ရှိတယ်။ ဒါပေမယ့် ဥပမာ ကျနော်တို့ လူတိုင်းကို Mask တွေ မဝေနိုင်ဘူးပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင်တွေထားတဲ့ နေရာတွေကလည်း ကိုဗစ်စည်းမျဉ်း စည်းကမ်းနဲ့ မညီဘူးပေါ့နော်။ အကုန်လုံးက ရသလို၊ ဖြစ်သလို စုပြီးတော့ နေနေကြရတယ်ပေါ့။ စိုးရိမ်တာကတော့ စိုးရိမ်မှုတော့ရှိတယ်။ အဲလို Camp တွေကနေ တယောက်ကနေစပြီးတော့ ကိုဗစ်တွေ ထပ်များလာမှာကိုလည်း ကျနော်တို့ကစိုးရိမ်တယ်။ အဲဒီအတွက်လည်း ကျနော်တို့တွေ ပြင်ဆင်မှုတွေလုပ်ဖို့တော့ ရှိပါတယ်။ စစ်ဘေးရှောင်တွေကို လောလောဆယ်မြို့နယ်တွေမှာရှိတဲ့ ရွာတွေကနေ တတ်နိုင်သမျှဝိုင်းပြီးတော့ ကြည့်ရှုစောင့်ရှောက်နေပါတယ်။ ဒါပေမယ့် ရေရှည် ဘယ်လောက်ကြာမလဲ ကျနော်တို့မပြောနိုင်ဘူးပေါ့နော်။ နောက်ပိုင်း အခက်အခဲတွေက ပိုဖြစ်လာနိုင်တယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာအနေနဲ့ကော၊ နိုင်ငံတကာ NGO တွေအနေနဲ့ကော၊ Humanitarian ကိစ္စတွေကို အများကြီးဝိုင်းကူဖို့ တိုက်တွန်းချင်ပါတယ်။"

ကယားပြည်နယ်ဘက်က စစ်ပြေးဒုက္ခသည်တွေအနေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေရဲ့ အကူအညီ လောလောဆယ် မရကြသေးပါဘူး။ ရှမ်းပြည်နယ်ထဲက နောင်ထောင်၊ ဆီဆိုင်နဲ့ ဆိုက်ခေါင်ကျေးရွာတွေဘက်က စစ်ဘေးရှောင်သူတွေ အနေများတဲ့နေရာမှာ ကျန်းမာရေးအဖွဲ့တွေ အထိုင်ချထားပြီး၊ တတ်နိုင်သလောက် လိုက်လံကြည့်ရှုပေးနေကြပါတယ်။ လွိုင်ကော်မြို့ကနေ မြို့လုံးကျွတ်နီးပါး ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန် လိုအပ်သလို အိပ်ယာခင်း၊ စောင်နဲ့ ခေါင်းအုံးတွေလည်း လိုအပ်နေတယ်လို့ ခွန်စည်သူကပြောပါတယ်။

"စစ်ဘေးရှောင်က နေ့တိုင်းတိုးလာတော့ ကျနော်တို့မှာရှိနေတဲ့ လူအင်အားနဲ့ ပြေးလာတဲ့ စစ်ဘေးရှောင်တွေနဲ့က အင်အားမမျှဘူးပေါ့နော်။ အဓိကတော့ ကျနော်တို့ဆေးဝါးတွေ လိုအပ်နေတယ်ပေါ့နော်။ နောက်ပြီးတော့ လူသိပ်မသိသေးတဲ့ စစ်ဘေးရှောင်တွေရဲ့နေရာတွေလည်း အများကြီး ရှိပါတယ်။ စစ်ဘေးရှောင်တွေက ဝင်လာတဲ့လမ်းကြောင်းက ၃ ခုဗျ။ ဖယ်ခုံ-အောင်ပန်းလမ်းကနေ တဆင့် တချို့က အေးသာယာ၊ တချို့က တောင်ကြီးဘက်ကိုလာကြတယ်။ ဒီဘက် လွိုင်ကော်-ဆီဆိုင်လမ်းမှာ ဆိုရင်တော့ အများအားဖြင့်က ကျနော်တို့ အခု စစ်ဘေးရှောင်တွေ အများဆုံးရောက်တဲ့နေရာက နောင်ထောင်ပေါ့နော်။ နောင်ထောင်ကျေးရွာအုပ်စုမှာရှိတယ်။ ပြီးရင် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ် အဲဒီမှာ အများဆုံးရောက်နေတယ်ပေါ့နော်။ နောက်လမ်းကြောင်း တကြောင်းကတော့ သူတို့က သပ်သပ်လမ်းလျှောက်လာရတဲ့ လူတွေဗျ။ သူတို့က ရှမ်း-ကယားနယ်စပ်ဘက် ဒေါသခေါကျေးရွာတို့၊ နောင်လောင်းတို့။ တချို့တွေက တောထဲမှာပဲ ရှိနေတယ်ဗျ။"

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာက ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေတဲ့ဒုက္ခသည် ၈၀၀ လောက်ရှိပါတယ်။ အားလုံးက တိုက်ပွဲဒဏ်တွေကြောင့် နေအိမ်စွန့်ခွာလာရသူတွေဖြစ်လို့ ရောဂါကပ်ဘေးကို အခုလိုအချိန်မှာ အာရုံမစိုက်နိုင် ကြသေးဘူးလို့ ကူညီပေးနေတဲ့ ဒေသခံ ကိုဇော်မင်းကပြောပါတယ်။

"လူပဲအလွတ်ရုန်းနေရတယ်၊ ကျန်းမာရေးကတော့ ရှင်းရှင်းပြောရရင် အသေအချာဂရုစိုက်ပြီးတော့ မကာကွယ်နိုင်လောက်ဘူး။ သူတို့လည်း ဒီကိုလာလို့ရှိရင် သွားကြိုတဲ့ဒေသခံကားတွေက ကားမျိုးစုံရှိတယ်။ ၁၀ ဘီးကားတွေလည်းပါတယ်၊ လိုင်းကားတွေ လည်းပါတယ်၊ Hijet ကားတွေပါတယ်။ အဲလို ကားမျိုးစုံစီးရတော့ ပြွတ်သိပ်ပြီးရောက်လာကြတာပဲ။ အဲတော့ ကျန်းမာရေး ကြည့်မယ်ဆိုရင်တော့ Mask တွေတပ်လား ဆိုတော့လဲ မတပ်ဘူး။ ဒေသခံတွေကသာ Mask တွေတပ်ပြီး စီးကြိုနေရတာပေါ့နော်။ ကပ်ရောဂါကတော့ ဖြစ်ခါမှဖြစ်ရော ဘယ်သူမှလည်း အာရုံမစိုက်နိုင်ဘူး။ ကျနော်တို့လည်း ဆိုက်ခေါင်က တိုက်နယ်ဆရာဝန်ကိုတော့ မှာကြားထားတယ်ဗျ။ လွိုင်ကော်ဘက်ကလာလို့ရှိရင် အရင်တုန်းက ကိုဗစ်အတွက်ပြင်ဆင်ထားတဲ့ အခြေခံဆေးဝါးတွေရှိတယ်။ ဆရာဝန်ကတော့ အဲဒီဆေးဝါးတွေနဲ့ ကုပေးဖို့ပြင်ဆင်ထားတယ်ပေါ့။"

ပြည်တွင်းမှာ ကပ်ရောဂါတတိယလှိုင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရတဲ့ အတွေ့အကြုံတွေရှိခဲ့လို့ အခုလို အလုံးအရင်းနဲ့ စစ်ဘေးကနေ ထွက်ပြေးနေကြရသူတွေကြားမှာ ကိုဗစ်ကူးစက်ပျံ့နှံ့မှု ရှိမလာအောင် အကူအညီပေးနေသူတွေက သတိထား နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသက်ဘေးကနေလွတ်အောင် ထွက်ပြေးခိုလှုံနေကြသူတွေအနေနဲ့က ကိုဗစ်ကပ်ရောဂါ ဘေးထက် လုံခြုံရေး၊ နေရေး၊ စားရေးအတွက် အဓိက အာရုံစိုက်နေကြရပါတယ်။

Your browser doesn’t support HTML5

လိုွင်ကော် စစ်ပြေးဒုက္ခသည်များ ကိုဗစ်အန္ဆရာယ် ကိုသတိမထားနိုင်

.......................................................

{{Unicode}}







