မြန်မာ့အရေးအဖြေရှာဖို့ မလေးဝန်ကြီးချုပ်နဲ့ ဘရူနိုင်းစော်ဘွားဆွေးနွေး

မြန်မာ့အရေးဆွေးနွေးဖို့ မလေးရှားဝန်ကြီးချုပ် အန္နဝါအီဘရာဟင်(ဝဲ-ဒု) အကြံပေးခန့်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (ဝဲ-ရှေ့) နဲ့အတူ ဘရူနိုင်းနိုင်ငံကိုသွားပြီး ဘူရူနိုင်းစော်ဘွား Hassanal Bolkiah နဲ့ တွေ့ဆုံဆွေးနွေးစဥ်။ (ဓာတ်ပုံ-Anwar Ibrahim fb/ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၅)

မြန်မာနိုင်ငံရဲ့ ပဋိပက္ခအဖြေရှာရေး အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက်တွေကို ပြန်လည် အသက်သွင်းနိုင်အောင် မ‌လေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဟာ ဘရူနိုင်းစော်ဘွား Hassanal Bolkiah နဲ့ ဘရူးနိုင်ငံမှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ဘယ်လိုလမ်းကြောင်းနဲ့ အကောင်းဆုံးအဖြေရှာနိုင်မလဲ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ညှိနှိုင်းတင်ပြဖို့ဆွေးနွေးကြတာလို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားရဲ့ အလွတ်သဘောအကြံပေးအဖွဲ့ အကြီးအကဲအဖြစ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin လည်း လိုက်ပါခဲ့တာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောထားပါတယ်။

မြန်မာနိုင်ငံရဲ့ပဋိပက္ခကိုဖြေရှင်းရေးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနိုင်ရေး ဖြစ်နိုင်သမျှ အကောင်အထည်ဖေါ်ဖို့လိုတဲ့အကြောင်း မလေးရှားဝန်ကြီးချုပ်ပြောတာကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီဘက်က ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆိုနေတာကိုလည်း သတင်းမှာဖေါ်ပြပါတယ်။

မြန်မာ့အရေး အဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖေါ်နိုင်တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရင်ဆိုင်နေရချိန်မှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုတွေကို ဒေသတွင်းအကဲခတ်တွေ အာရုံစိုက်နေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေးအဖြေရှာဖို့ မလေးဝန်ကြီးချုပ်နဲ့ ဘရူနိုင်းစော်ဘွားဆွေးနွေး