မလေးရှားမှာ တရားမဝင်တွေ ဖမ်းဆီးတဲ့ထဲ မြန်မာ ၆၀ နီးပါးပါ

နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားများ။ (ဓာတ်ပုံ - မလေးရှားလဝက - နိုဝင်ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်မှာ တရားမဝင် နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပေးထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ဆလန်ဂေါပြည်နယ်က နိုင်ငံခြားသား အလုပ်သမားတွေ အများဆုံးနေထိုင်ရာတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးဌာန အပါအဝင် အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၆၀ လောက် အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမား ၁၄၁ ယောက်ကို ဖမ်းဆီးမိခဲ့တာပါ။ အင်္ဂါနေ့တုန်းက စီမံချက်အတွင်း ဖမ်းဆီးမိသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mohamad Fauzi ကသတင်းထောက်တွေကို ပြောခဲ့တာပါ။

နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားများ။ (ဓာတ်ပုံ - မလေးရှားလဝက - နိုဝင်ဘာ ၂၄၊ ၂၀၂၀)

"ဖမ်းဆီးမိတဲ့ တရားမဝင်နေထိုင်သူတွေထဲမှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံက ရောက်ရှိနေသူတွေ ပါဝင်ကြောင်းနဲ့ နိုင်ငံခြားသား ခန့်မှန်းခြေ ၁,၉၀၀ လောက် နေထိုင်နေတဲ့ ဒေသမှာ လူပေါင်း ၂,၆၀၀ ကိုလည်း ကျန်းမာရေးစစ်ဆေးခဲ့ကြောင်း" မလေးရှားဘာသာနဲ့ ပြောဆိုလိုက်တာပါ။

တရားမဝင်နေထိုင်သူတွေအဖြစ် ဖမ်းဆီးလိုက်တဲ့အထဲမှာတော့ ကလေး ၆ ဦး ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသား ၅၉ ဦး၊ အင်ဒိုနီးရှား ၆၅ ဦး၊ နီပေါနိုင်ငံက ၉ ဦးနဲ့ တခြားနိုင်ငံတွေက ၈ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ ဆလန်ဂေါပြည်နယ်မှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းက ဦးသန်းထွန်းကလည်း အခုလိုပြောပြပါတယ်။

"တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးလိုက်တာပေါ့၊ ထိန်းသိမ်းလိုက်တာပေါ့၊ တရားဝင်ဆိုရင်တော့ အကုန် ပြန်လွှတ်ပေးတယ်။ တရားမဝင်လူတွေ အထောက်အထား မခိုင်လုံတဲ့ လူတွေ၊ ဘာမှမရှိတဲ့လူ၊ ယူအန်ကဒ်လိုမျိုး၊ work permit လိုမျိုးမရှိတဲ့သူတွေကို ဖမ်းတာပါ။ ဖမ်းပြီးတော့ သက်ဆိုင်ရာနိုင်ငံပြန်ပို့မှာပဲ။ အမှုဖွင့်ရင်တော့ ထောင်က သုံးလ၊ လေးလတော့ ကျကြမယ်။"

တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးခဲ့တဲ့ ဆလန်ဂေါပြည်နယ်မှာတော့ မနေ့တုန်းကပဲ ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာသစ်တွေ ထပ်တိုးလာခဲ့တာပါ။ ဆလန်ဂေါပြည်နယ် တခုတည်းမှာတင် ကူးစက်သူ ၁,၆၀၀ ကျော်ကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် မလေးရှားနိုင်ငံမှာ တရက်တည်း ကူးစက်သူ ၂,၀၀၀ ကျော်အဖြစ် စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။ ကူးစက်မှု အများစုကတော့ စက်ရုံအလုပ်သမားတွေ ဖြစ်ကြောင်းလည်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Dr Noor Hisham Abdullah ကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြခဲ့တာပါ။ မလေးရှားနိုင်ငံမှာ စံချိန်တင်ကူးစက်မှုတွေ ကြုံခဲ့ရတဲ့ မနေ့တုန်းကအထိ စုစုပေါင်း သေဆုံးသူ ၃၄၁ ယောက်နဲ့ ကူးစက်သူပေါင်း ၅၈,၀၀၀ ကျော် ရှိနေပါတယ်။

Your browser doesn’t support HTML5

မလေးရှားမှာ တရားမဝင်တွေ ဖမ်းဆီးတဲ့ထဲ မြန်မာ ၆၀ နီးပါးပါ

[Unicode Version]



နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားများ။ (ဓာတ်ပုံ - မလေးရှားလဝက - နိုဝင်ဘာ ၂၄၊ ၂၀၂၀)




နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားများ။ (ဓာတ်ပုံ - မလေးရှားလဝက - နိုဝင်ဘာ ၂၄၊ ၂၀၂၀)

