ရခိုင်ဒေသ မျိုးဖြုတ်သတ်ဖြတ်မှုစွပ်စွဲချက် ဒုသမ္မတငြင်းဆို

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်း မူဆလင်တွေ အပေါ် မြန်မာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ မျိုးဖြုတ်သတ်ဖြတ်မှု စွပ်စွဲချက်တွေကို မြန်မာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။

“ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်များကိုအခြေခံပြီး သုံးသပ်ပြောကြရမည်ဆိုပါရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သုံးသပ်တဲ့ Crimes against Humanity ဖြစ်နိုင်ခြေလုံးဝမရှိပါကြောင်းနှင့် Ethnic Cleansing ဟုယူဆနိုင်သည့် အနေအထားလည်းလုံးဝမတွေ့ရှိပါကြောင်း ပြောကြားလိုပါတယ်။”

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသစုံစမ်းရေး ကော်မရှင် အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ စစ်တပ်ဘက်က အုပ်စုဖွဲ့ အဓမ္မမှုကျူးလွန်တာ မရှိသလို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေ အတွင်း ရွာတွေကို ရှင်းပြစ်ခဲ့တာမျိုးလည်း မရှိဘူးလို့လည်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောဆိုသွားပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်း ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တခုရဲ့ အစီရင်ခံစာမှာတော့ သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွေ၊ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး အတွင်း ကျေးရွာတွေကို ဖျက်ဆီးခဲ့တာတွေကို ဖော်ပြထားတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ကလည်း အစိုးရ အနေနဲ့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်ဖို့၊ ဒီချိုးဖောက်မှု အတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ မောင်တော ဒေသစုံစမ်းရေး ကော်မရှင် အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေကတော့ ကမ္ဘာတလွှား ပြောဆိုချက်တွေနဲ့ မြေပြင် အခြေအနေတွေမှာ ကွဲပြားမှုတွေ ရှိတယ်လို့ ပြောဆိုသွားပါတယ်။

“ဦးရှည်ကျကျေးရွာ ကျနော်ထင်တယ် ဆရာတို့ရောက်မှာမဟုတ်ဘူး ရောက်လည်းမရောက်နိုင်ဘူး ဦးရှည်ကျကျေးရွာကို။ အဲဒီမှာ လူဦးရေ ၆ထောင်လောက်ရှိတယ်၊ အိမ်ခြေ၇၂၀ ခန့်ရှိတယ်။ အဲဒီမှာ သူက OHCHR အစီရင်ခံစာမှာရော အားလုံးက သူတို့ရွာမှာ အစော်ကားမခံရတဲ့အိမ် တအိမ်မှ မရှိဘူးတဲ့။ အစော်ကားခံရတဲ့ အိမ်တွေပဲဆိုပြီးတော့ ဒီဟာက မီဒီယာပေါ်မှာ ကမ္ဘာသိအောင်လုပ်ထားတာ။ သို့သော် ကျနော်တို့ တကယ်သွားတဲ့အခါမှာ ဒီဖြစ်စဉ်တွေမရှိဘူး။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်း မောင်တော ဒေသက မြန်မာ အစိုးရ နယ်ခြားစောင့် စခန်းတွေ အကြမ်းဖက် တိုကခိုက်ခံရပြီးနောက်ပိုင်း မြန်မာ့ တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေ နောက်ပိုင်း မြန်မာအစိုးရရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းဖို့ ကုလသမဂ္ဂဘက်က မြန်မာဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းခဲ့ပေမယ့် မြန်မာဘက်ကတော့ လက်သင့်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ဒေသ မျိုးဖြုတ်သတ်ဖြတ်မှုစွပ်စွဲချက် ဒုသမ္မတငြင်းဆို