Merrick Garland ကို နိုင်ငံတော် ရှေ့နေချုပ် ခန့်အပ်ဖို့ Joe Biden စီစဉ်

(Zawgyi/Unicode)

ဝါရင်တန် ဒီစီမှာရှိတဲ့ ပြည်ထောင်စု အယူခံတရားရုံး တရားသူကြီး ကို ဗဟိုအစိုးရ ရှေ့နေချုပ်အဖြစ် ရွေးကောက်ခံသမ္မတ Joe Biden က ခန့်အပ် တာဝန်ပေးဖို့ စီစဉ်နေပါတယ်။ Graland အနေနဲ့ သမ္မတ Biden အစိုးရလက်ထက်မှာ တရားရေးဌာနကို ဦးဆောင်ရမယ့်သူ ဖြစ်လာမယ်လို့ ရွေးကောက်ခံသမ္မတရဲ့ အာဏာလွဲပြောင်းရေးအဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ သမ္မတ Barack Obama အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တုန်းက Garland ကို နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာကို ရီပတ်ဘလီကန်တွေက လက်မခံ ပယ်ချခဲ့ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ တရားသူကြီး Garland ဟာ ဝါရှင်တန် ဒီစီက အယူခံတရားရုံး တရားသူကြီးအဖြစ် ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သမ္မတ အိုဘားမားက သူ့သမ္မတသက်တမ်း နောက်ဆုံးနှစ်မှာ နိုင်ငံတော် တရားရုံးချုပ် တရားသကြီးအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရတော့မှသာ တနိုင်ငံလုံးက သူ့အပေါ် သတိထားမိလာကြတာပါ။

သမ္မတ အိုဘားမားက သူ့သက်တမ်းမကုန်ဆုံးခင် အတော်များများ ကျန်နေသေးတဲ့အချိန်မှာ Garland ကို အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပေမယ့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တွေက သမ္မတရဲ့ အဆိုပြုချက်ကို ကြားနာဖို့ ငြင်းဆိုခဲ့ပြီး လှစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာကို ရွေးကောက်ပွဲအတွင်း အမေရိကန်ပြည်သူတွေက သဘောထားပေးပိုင်ခွင့်ရှိသင့်တယ်လို့ စောဒက တက်ခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မယ့် ရွေးကောက်ခံသမ္မတ Joe Biden က အမိမြေလုံခြုံရေးဌာန အကြံပေး Lisa Monaco ကို လက်ထောက် ရှေ့နေချုပ်၊ တရားရေးဌာနက နိုင်ငံသားအခွင့်အရေးဆိုင်ရာဌာနအကြီးအကဲ Vanita Gupta ကို တွဲဘက် ရှေ့နေချုပ်အဖြစ် ခန့်ထားဖို့လည်း ရည်ရွယ်ထားကြောင်း အစိုးရသစ် အာဏာလွဲပြောင်းရေးအဖွဲ့က ပြောပါတယ်။

Your browser doesn’t support HTML5

Merrick Garland ကို နိုင်ငံတော် ရှေ့နေချုပ် ခန့်အပ်ဖို့ Joe Biden စီစဉ်


...............


(Unicode)



