ပြည်သူတွေကြားလုံခြုံရေးဆိုင်ရာစိုးရိမ်ချက်မှုတွေရှိနေတဲ့ကြားကပဲ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နေရာဒေသအချို့မှာစတင်ခဲ့ပါတယ်။ စာရင်းကောက်ယူချိန် အနည်းဆုံးရက်သတ္တပတ် ၂ ပတ်ကြာမယ်လို့လည်းသိရပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ကိုဇော်မိုးကျော် တင်ပြပေးထားပါတယ်။
စစ်ကောင်စီကသန်းခေါင်စာရင်းကောက်ယူရာမှာ ကိုယ်ရေးအချက်အလက်၊ ကိုးကွယ်တဲ့ဘာသာ၊ ပြောဆိုတဲ့ဘာသာစကားအပြင် ပြည်ပ ရွှေ့ပြောင်းသွားလာသူရှိ မရှိ၊ လျှပ်စစ်မီတာသုံးစွဲမှု၊ အိမ်သာသုံးစွဲမှု၊ သောက်သုံးရေရရှိမှုစတဲ့အချက်အလက်တွေပါတဲ့ မေးခွန်းပေါင်း ၇၀ နီးပါး မေးမြန်းပြီးကောက်ယူမှာပါ။ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရဲနဲ့ စစ်တပ် လုံခြုံရေးစောင့်အကြပ်တွေနဲ့ လာရောက်ကောက်ယူတာ ဖြစ်ပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်ဒေသခံတဦးက အခုလိုပြောပါတယ်။
“အိမ်မှာရှိတဲ့လူကို မေးတယ်။ အကုန်မေးတယ်။ မေးပြီးတော့ အသက်အရွယ်မေးတယ်။ ဘာတွေလုပ်လဲ မေးတယ်။ နိုင်ငံခြားသွားထွက်တာ ရှိရင် ထွက်တဲ့အလျှောက် ဘယ်နေ့ကထွက်လဲဆိုတာမေးတယ်။ ဘယ်နိုင်ငံလဲမေးတယ်။ ဘာတက္ကသိုလ်တက်လဲ မေးတယ်။ နောက် ခုရှိနေသူက မျက်စိကောင်းမကောင်း၊ နားကောင်းမကောင်းမေးတယ်။ အဲဒါ အဓိကထား မေးတယ်။ စစ်မှုထမ်းဖို့အတွက်ပါ ပါတယ်။ အိမ်အနေအထား မေးတယ်။ ဘာလုပ်ကိုင်စားသောက်လဲ မေးတယ်။ နောက်အားလုံး အလုပ်ရှိလားမေးတယ်။ အကုန်လုံး။ ပါတယ်လေ။ လုံခြုံရေးတွေလည်းပါတယ်။ ကောက်တာတက်ပလက်နဲ့ကောက်တာ။ တခါတည်းရေး၊ တခါတည်း ပို့တာ။”
သန်းခေါင်စာရင်းကိုတော့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာထုတ်ပြန်မယ်လို့ လဝက သန်းခေါင်စာရင်းကောက်ယူရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ယဉ်ဦးက ဗွီအိုအေကိုပြောပါတယ်။
သန်းခေါင်စာရင်းကောက်ယူရာမှာ Computer Assisted Personnel Interviewing CAPI အီလက်ထရောနစ်စနစ်ကိုအသုံးပြုမှာဖြစ်ပြီး နေပြည်တော်ရုံးချုပ် ကွန်ပြုတာအချက်အလက်သိမ်းဆည်းရေးနစ် Server ထဲကိုတိုက်ရိုက်ပို့မှာ ဖြစ်ကြောင်း စစ်ကောင်စီကပြောထားပါတယ်။
မိသားစုဝင်တဦးချင်းကို မေးခွန်းပေါင်း ၇၀ နီးပါး မေးမြန်းအချက်အလက်ယူမှာဖြစ်ပြီး အသင်းအဖွဲ့တွေ၊ ဂေဟာတွေနဲ့အကျဉ်းဦးစီးတွေ မှာတော့ မေးမယ့်မေးခွန်းပေါင်း အခု ၂၀ နီးပါးရှိပါတယ်။ ကျပ်ငွေသန်းပေါင်း ၅ သောင်း၊ ၆ ထောင်ကျော် အကုန်အကျခံ ကောက်ယူမှာဖြစ်တယ်လို့ စစ်ကောင်စီက ဗွီအိုအေကို ပြောထားပါတယ်။
ရန်ကုန်မြို့မှာတော့ တချို့နေရာတွေမှာ စတင်ကောက်ယူတာတွေရှိပေမယ့် တချို့နေရာတွေမှာတော့ စတင်ခြင်း မရှိသေးပါဘူး။ တောင်ဥက္ကလာ ၁၀ ရပ်ကွက်ဒေသခံတဦးက မနေ့က သူတို့ရပ်ကွက်ဘက်အခြေအနေကို အခုလိုပြောပါတယ်။
“လာတယ်လေ။ မနက်တုန်းက ၁၀ ရပ်ကွက်မှာ ရဲတွေနဲ့ သန်းခေါင်စာရင်းကောက်ကြတာ။ ရပ်ကွက်ထဲပတ်နေတာ။ ရဲတွေကော စစ်သားတွေကော နည်းနည်းနောနောမဟုတ်ဘူး။ အိမ်တော့မရောက်လာသေးဘူး။ နောက်ဖေးလမ်းတွေမှာတော့ ခုကောက်နေတာ။”
ရေကြီးတဲ့နေရာအများစုမှာတော့ ဒီကနေ့အထိ သန်းခေါင်စာရင်း စတင်ကောက်ယူနိုင်တာမတွေ့ရသေးပါဘူး။အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရာက်နေတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ စာရင်းကောက်ယူမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေ သန်းနဲ့ချီရှိပါတယ်။ ကုသလမဂ္ဂကတော့ ၁.၆ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သန်းခေါင်စာရင်းကောက်တဲ့အစီအစဉ်မှာ ဝန်ထမ်းအင်အား ၄ ၂,၀၀၀ လောက်အသုံးပြုထားပြီး စားစရိတ်အပါအဝင်နေ့စားခအဖြစ် တရက်ကို ကျပ်ငွေ ၈,၈၀၀ ပေးမယ်လို့ စစ်ကောင်စီကပြောထားပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ပြင်ဆင်နေတာတွေရှိပေမယ့် တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ပြေးဒုက္ခသည်တွေ များနေတဲ့အတွက် တနင်္သာရီတိုင်းတခုလုံးအတိုင်းအတာနဲ့တော့ သန်းခေါင်းစာရင်းကောင်ယူတာ မအောင်မြင်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၃ ခုနှစ် သန်းခေါင်စာရင်း ဥပဒေအရ ကောက်ယူရရှိတဲ့အချက်အလက်တွေကို အရေးယူတဲ့ကိစ္စတွေအပါအဝင်အခြားနေရာတွေမှာ အသုံးပြုခွင့်မရှိဘူးလို့ ပြဌာန်းထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောဆိုထားပေမယ့်ပြည်သူတွေထဲမှာတော့ စိုးရိမ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိုက်အခံတွေကဆန့်ကျင်ထားပြီး စစ်မှုမထမ်းမနေရဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်းတာ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ထင်သလိုဖမ်းဆီးတာ၊ CDM ဝန်ထမ်းတွေအတွက်စိုးရိမ်တာတွေကြောင့် အခုလို တအိမ်တက်ဆင်း မိသားစုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ရယူတဲ့ သန်းခေါင်းစာရင်းကောက်ယူမှုအပေါ် စိုးရိမ်နေကြတာလို့ ဒေသခံတွေက VOA ကိုပြောပါတယ်။
Your browser doesn’t support HTML5