ရှေ့နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက မကြာခင် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူပြီး ဒီနှစ်ကုန်မှာ ထုတ်ပြန်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက သန်းနဲ့ချီ နေရပ်စွန့်ခွာနေရချိန်မှာ အစီအစဉ်ဟာ လက်တွေ့ကျရဲ့လားဆိုပြီး မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ရှေ့လဆန်းကစ သန်းခေါင်စာရင်းကောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မမြသဇင်အောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ပြည်လုံးကျွတ်လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတာကို (၁၀)နှစ်တစ်ကြိမ် ကောက်ယူဖို့လျာထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကနောက်ဆုံးကောက်ယူခဲ့ပြီးနောက် ဒီနှစ်မှာ ၁၀နှစ်တင်းတင်း ပြည့်တာမို့ အသစ်ကောက်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ကောက်ယူရရှိတဲ့စာရင်းတွေကို ရှေ့ပြေးသန်းခေါင်စာရင်းအနေနဲ့ လာမယ့် ဒီဇင်ဘာ ၃၁ရက်နေ့မှာထုတ်ပြန်မယ်လို့လည်း လူဝင်မှုကြီး ကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဌာနခွဲ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ယဉ်ဦး က ဗွီအိုအေကိုပြောပြပါတယ်။
"စက်တင်ဘာလ ၃၀ရက်ညသန်းခေါင်ယံအချိန်မှာမြန်မာနိုင်ငံနယ်နမိတ်အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့လူနေအိမ်အဖွဲ့အစည်းတွေမှာ နေထိုင်သူအားလုံးကို ၂၀၂၄ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ စာရင်းကောက်ယူမှာဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအနေ နဲ့ ကောက်ကွက်ပေါင်း ၁သိန်း ၁သောင်းခန့် ရှိတာဖြစ်ပါတယ်။ မြို့နယ်အားလုံးမှာစာရင်းကောက်ယူမှာဘဲဖြစ်ပါတယ်။ ကျနော်တို့ပထမဆုံးလူ ဦးရေစာရင်းကိုတော့ လာမယ့် ဒီဇင်ဘာနောက်ဆုံးပတ်မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ CAPI စနစ်ကို အသုံးပြုပြီးတအိမ်တက်ဆင်း တွေ့ရှိရာအရပ်မှာကောက်တဲ့နည်းနဲ့ ခရက်တို နည်းနဲ့ တအိမ်တက်ဆင်းမိုဘိုင်းတက်ပလက်နဲ့ကောက်ယူမှာပါ။ အိမ်ထောင်စုစာရင်းရှိခြင်းမရှိ ခြင်းနိုင်ငံသားကတ်ရှိခြင်းမရှိခြင်းနဲ့မသက်ဆိုင်ပါဘူး။"
CAPI စနစ် ဆိုတာ Computer Assisted Personnel Interviewing လို့ခေါ်တာဖြစ်ပြီး အချက်အလက်တွေကို စာရွက်နဲ့သိမ်းတာမျိုးမဟုတ်ဘဲ စာရင်းကောက်ယူလို့ရတဲ့ အချက်အလက်တွေကို နေပြည်တော်ရုံးချုပ် Server သို့ပို့ပေးတဲ့စနစ်တခုဖြစ်ပါတယ်။ အိမ်တိုင်ရာရောက် စာရင်းကောက်ယူရာမှာ တဦးချင်းဆီ အတွက် မေးမယ့်မေးခွန်းပေါင်း အခု ၇၀ နီးပါးမေးမှာ ဖြစ်သလို အသင်းအဖွဲ့တွေ၊ဂေဟာတွေနဲ့ အကျဉ်းဦးစီတွေမှာတော့ မေးမယ့်မေးခွန်းပေါင်း အခု ၂၀ နီးပါးရှိပါတယ်။ ကျပ်ငွေသန်းပေါင်း ၅ သောင်း ၆ ထောင်ကျော် ကုန်ကျခံကောက်ယူမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ကုလသမဂ္ဂထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတွင်း ကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁.၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖေါ်ပြထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံပြင်ပရောက်နေတဲ့သူတွေနဲ့ပတ်သတ်လို့ သက်ဆိုင်ရာနိုင်ငံတွေကနေ ရောက်ရှိလူဦးရေကို ကောက်ယူမယ်လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲတွေပြင်းထန်တဲ့နေရာတွေနဲ့ စစ်ရှောင်တွေနဲ့ ပတ်သတ်လို့ ဘယ်လို ကောက်ခံမလဲဆိုတာနဲ့ ပတ်သတ် လို့ သူကခုလိုပြောပါတယ်။
"ကျနော်တို့လုံခြုံရေးနဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့နေရာတွေဆိုရင်တော့ အချိန်ကာလတိုးမြင့်ပြီးလုံခြုံရေးအဖွဲ့အစည်းတွေ ထပ်မံ ချပြီးမြေပြင်အမှန်ရသမျှကို ကောက်ယူမှာဖြစ်ကြောင်းဖြေလိုပါတယ်။ စစ်ရှောင်တွေမှာရှိတဲ့ စစ်ရှောင်တွေရောက်နေတဲ့ နေရာတွေမှာကောက်ယူဖို့အတွက်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ပြောလိုပါတယ်။ ကောက်ယူတာမှာလည်းပြည်တွင်းရွှေ့ပြောင်းနဲ့ပြည်ပရွှေ့ပြောင်းဆိုပြီး ကောက်ယူမှာဖြစ်ပါတယ်။"
သန်းခေါင်စာရင်းကောက်တဲ့ အစီအစဉ်မှာ ပညာရေးဝန်ထမ်း အင်အားအပြင် အထွေထွေအုပ်ချုပ်ရေး အပြင်တခြား ဌာနဆိုင်ရာလူတွေ ပါဝင်မယ်လို့ ပြောပါတယ်။ စုစုပေါင်းလူဦးရေ ၄သောင်း၂ထောင်ခန့်အသုံးပြုမယ်လို့ဆိုပါတယ်။ ဒီလူတွေကို နေ့စားခအနေနဲ့ တဦးကိုနေ့ တွက်စားရိတ် ၄၈၀၀၊ ကျွေးမွေးစရိတ် ၄၀၀၀ ပေါင်း ၈၈၀၀ ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပြီး စေတနာဝန်ထမ်းတွေလည်း ကောက်ယူတာမှာ ဝိုင်းဝန်းလုပ်ကိုင်သွားနိုင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။
တနိုင်ငံလုံးသန်း ခေါင်စာရင်း ကောက် ယူဖို့ စစ်ကောင်စီက ဘဏ္ဍာငွေကျပ်ဘီလီယံ ကျပ်ဘီလီယံသန်းပေါင်း ၅သောင်း၆ထောင်ကျော် ကုန်ကျခံ ကောက်ယူဖို့ပြင်ထား တယ်လို့ ဦးကျော်ယဉ်ဦး ကပြောပါတယ်။ ၂၀၂၄ လူဦးရေ သန်းခေါင်စာရင်းကောက်ယူတာမှာ နိုင်ငံတ ကာအကူညီမှမယူဘဲ နိုင်ငံတော်ဘဏ္ဍာနဲ့သာ ကုန်ကျခံလုပ် ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့မိန့်ခွန်းထဲမှာ ကောက်ယူမယ့် အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြည့်ပေးဖို့ ဆော်ဩထားပါတယ်။ ကောက်ယူရရှိမယ့်အချက်အလက်တွေ ကို ၂၀၂၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေက ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုပေးထားတယ်လို့ ပြောပေမယ့် လက်တွေ့မှာ တော့ ပြည်သူတွေဘက်က စိုးရိမ်မကင်း ရှိနေဆဲပါ။
တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း ၃၃၀ ရဲ့ ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြို့ပေါင်း ၇၀ ကျော်ကို စစ်ကောင်စီ လက်လွှတ်ထား ရတယ်လို့ အကဲခတ်တွေ ခန့်မှန်းထားတာကြောင့် လက်တွေ့ဖြစ်နိုင်ခြေအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရှိဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
"အရင်တုန်းကတိုင်းပြည်အေးချမ်းချိန်ကတောင်သန်းခေါင်စာရင်းကောက်တာတော်တော်ခက်ခဲရှိကြတယ်။ လွဲမှားမှု တွေလည်းရှိကြတယ်။ ရွေးကောက်ပွဲအစပျိုးနိုင်ဖို့ ၁၈နှစ်ပြည့်စာရင်းထွက်နိုင်ဖို့ သန်းခေါင်စာရင်းက ဘဲဖော်ပြနိုင်မယ်။ ရွေးကောက်ပွဲပထမအဆင့်အနေနဲ့သန်းခေါင် စာရင်းကောက်မယ်ပေါ့ သန်းခေါင်စာရင်း ကောက်မယ်ဆိုတာ ဒီချိန်မှာ ဘယ်လိုမှတိတိကျကျရနိုင်စရာအကြောင်းမရှိဘူး။ တချို့နေရာတွေမှာ မြို့တွေ အသိမ်းမခံရဘူးဆိုရင်တောင်မှ ဝန်ထမ်း တွေအလုပ်မလုပ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးလက်တံပျက်ဆီးသွားပြီတချို့နေရာမှာဆိုဝန်ထမ်း တွေလည်းမရှိတော့ဘူး။ တနိုင်ငံလုံးမှာဖြစ်နိုင်တဲ့မြို့နည်းပါလိမ့်မယ်။ ၃ဖို့ ၂ဖို့ဖြစ်ရင်တောင်မှဒါက တိကျတဲ့သန်းခေါင်စာရင်းမရနိုင်ဘူး။ သူတို့ ရွေးကောက်ပွဲအတွက်လုပ်ပါတယ်ဆိုပြီး အများသိအောင်ကြေငြာနေချင်းသာဖြစ်တယ်။ လက်တွေ့မှာတော့ရွေးကောက်ပွဲ အတွက်သန်းခေါင် စာရင်းကောက်တာက တော်တော်ခက်ခဲတယ်။ ဘယ်လိုမှပြည့်စုံမှာမဟုတ်ဘူး"
ပြီးခဲ့တဲ့နှစ် ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင် ငံရဲ့ လူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာ လူဦးရေ ကိုးသန်းနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က လူဦးရေ ၆ ဒသမ ၈ သန်းစီနဲ့ ဒုတိယနေရာမှာ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ဧရာဝတီတိုင်းကတော့ ၆ ဒသမ ၂ သန်းနဲ့ တတိယ လူဦးရေအများဆုံးလို့ ဆိုပါတယ်။ ဒါတွေဟာခန့်မှန်းတွက်ချက်ထားမှုသာဖြစ်ပြီး စမ်းသပ်သန်ခေါင်စာရင်းကောက်ယူမှု မှာတော့ တွေ့ရှိတဲ့အတိုင်း ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နဲ့ ၂ဝ၁၄ ခုနှစ်တို့မှာ ကောက်ယူခဲ့ဖူးပါတယ်။
Forum