စစ်ကောင်စီခေါင်းဆောင်ပြောတဲ့ သမဝါယမစနစ်အပေါ် ဝေဖန်မှုများ

အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ပြည်တွင်းစီးပွားရေးတိုးတက်အောင် သမဝါယမစနစ်ကို ပြန်ကျင့်သုံးဖို့ စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နေပြည်တော်ကအစိုးရအစည်းအဝေးတခုမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးမှာ သမဝါယမစနစ်ကျင့်သုံးဖို့ပြောသွားခဲ့ပါတယ်။ သမဝါယမအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ သမဝါယမစနစ်ကျင့်သုံးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ တည်ထောင်စေလိုတယ်လို့ ပြောပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီက အရင်းအနှီး၊ နည်းပညာနဲ့ တခြားလိုအပ်တာတွေကို ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီစနစ်ဟာ အကောင်းထက် အဆိုးပိုများနိုင်တယ်လို့ ဆိုရှယ်လစ်ခေတ် သမဝါယမမှာ တာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ဦးကြီးမြင့်က ပြောပြပါတယ်။

“ဘယ်အဆင်ပြေမလဲ။ တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ တကယ့်ကွန်မြူနစ်နိုင်ငံတွေကတောင် စျေးကွက်စီးပွားရေး စနစ်ကို ပြန်သွားနေတာ ဘယ်လိုလုပ်အောင်မြင်မလဲ။ ဘယ်သူတွေက ရင်းနှီးမြှုပ်နှံမှာလဲ၊ ကုန်ထုတ်လုပ်မှုက ဘယ်လို တက်မှာလဲ။ စျေးကွက်စီးပွားရေးစနစ်ကိုမနိုင်လို့၊ မနိုင်တော့ အပေါ်ကနေ အာဏာနဲ့အုပ်ချုပ်တဲ့သမစနစ်ကို ပြန် အကောင်အထည်ဖော်တာ။ သမဝါယမဆိုတာ လူထုဆန္ဒပါမှ၊ အုပ်ချုပ်တဲ့သူကလည်း ဒီမိုကရေစီအစိုးရဖြစ်မှ အောင်မြင်တာ။ ဘာဆိုးကျိုးဖြစ်လဲဆိုတော့ မကောင်းတဲ့ပစ္စည်းတွေ ပြည်သူကိုစားသုံးရတယ်။ တန်းစီရတယ်။ လာဘ်စားတယ်၊ လုပ်ပိုင်ခွင့်ရှိသူကချမ်းသာသွားတယ်။ အဲဒါတွေပဲ ဆိုးကျိုးတွေကတော့နော်။”

လက်ရှိတည်ဆဲဖွဲ့စည်းပုံမှာ စျေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးမယ်လို့ တရားဝင် ပြဌာန်းထားတာကြောင့် ဒါကို ဖီလာဆန့်ကျင်ပြီး သမဝါယမစနစ်ကိုပြန်ထူထောင်ဖို့လုပ်တာက ဖွဲ့စည်းပုံကို ပျက်ပြယ်စေတာဖြစ်သလို ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တဦးက ထောက်ပြပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်လုပ်ချင်လို့လုပ်တာ။ ၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၃၅ မှာ အတိအလင်းပြဌာန်းထားပြီးသား။ နိုင်ငံတော် စီးပွားရေးစနစ်ဟာ စျေးကွက်စီးပွားရေးစနစ်လို့ ပြောထားပြီးသား။ အဲတော့ စျေးကွက်စီးပွားရေးစနစ်မှာ အစိုးရက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိလို့ သမဝါယမစနစ်လုပ်မယ်ဆိုတာက အဓိပ္ပါယ်မရှိဘူးလေ။ ၂၀၀၈ ခြေဥကိုအတိအလင်း ဆန့်ကျင်တာ။ မိမိအစုအဖွဲ့အလိုက် သမဝါယမအသင်းတွေ ဖွဲ့စည်းတည်ထောင်လုပ်တာရှိကောင်းရှိမယ်။ သို့သော် စီးပွားရေးစနစ်တခုလုံးကို သမဝါယမ အသွင်ပြောင်းလို့ကတော့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ ဒီထက် ပိုခက်ခဲသွားဖို့ပဲ ရှိမယ်။”

ဒီစနစ်ကို ပါလီမန်ခေတ် ၁၉၅၀ ပတ်ဝန်းကျင်မှာ ဆန်စပါးနဲ့ ကောက်ပဲသီးနှံရောင်းဝယ်တာမှာပဲ ကျင့်သုံးခဲ့ပေမယ့် စစ်အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၆၂ ပတ်ဝန်းကျင်မှာတော့ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ အိမ်ငှား၊ ပြည်တွင်းလက္ကား ကုန်သွယ်ရေး၊ ပြည်တွင်း လက်လီကုန်သွယ်ရေးကဏ္ဍများ စတဲ့ ကဏ္ဍအားလုံးမှာပါ လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံအမျိုးသမီးတဦးကတော့ သမဝါယမမှာ ဆန်တန်းစီပြီးစားခဲ့ရတဲ့ ငယ်စဉ်အတွေ့အကြုံကို ပြောပြပြီး တန်းစီစနစ်ပြန်သွားရမယ့်အခြေအနေကိုမနှစ်မြို့ဘူးလို့ ဆိုပါတယ်။

“ဘယ်လိုလုပ်ပြေမှာလဲ။ ဆီစာအုပ်တွေနဲ့ ဆန်လေးတပြည်ရဖို့ကို မနက်ကနေစ တန်းစီရတာလေ။ ပြီးရင် ဆန်ဆိုတာက ငစိန်ဆန်တွေပေးတာ ကြမ်းထော်နေတာပဲ။ သမဝါယမက ဖယောင်းတိုင်တို့၊ နို့ဆီတို့၊ ရွှေဝါဆပ်ပြာတို့ ဝေတုန်းကဆို သွား တန်းစီခဲ့ရတာလေ။ တန်းစီပြီး ဆေးပိုပေးပြန်ရောင်းပေါ့။”

စီးပွားရေးပညာရှင်တဦးကတော့ စစ်ခေါင်းဆောင်အနေနဲ့ ဒီစနစ်ကိုကျင့်သုံးမယ်ဆို တိုင်းပြည် စီးပွားရေး ပိုဆိုးလာနိုင်တယ် လို့ ပြောပါတယ်။

“တခွန်းတည်းပြောရရင် မြန်မာပြည်အခြေအနေအရ အောင်မြင်စရာအကြောင်းလည်း မရှိဘူး။ အဆင်မပြေနိုင်ဘူး။ သမဝါယမက အခြေခံအားဖြင့်ကောင်းတယ်။ တကယ်ထိရောက်တာမျိုးလုပ်ရင် အကျိုးရှိတယ်။ မြန်မာပြည်မှာ မအောင်မြင်ခဲ့ဘူး။ နာမည်ပျက်ခဲ့တယ်။ လက်ရှိ အုပ်ချုပ်စီမံတဲ့စနစ်အရ အောင်မြင်စရာမရှိဘူး။ တကယ်လက်တွေ့ လုပ်နိုင်လားဆိုတာ အများကြီးသံသယရှိတယ်။ စိတ်ကူးပေါက်သလိုပြောနေတာမျိုးပါ။”

မြန်မာ့ဆိုရှယ်လစ်ပါတီခေတ်တခုလုံး သမဝါယမစနစ်ကျင့်သုံးခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၂ ပတ်ဝန်းကျင်မှာ ၁၉၇၀ သမအသင်းဥပဒေပါ ပုဒ်မတချို့ကို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပြင်ဆင်/ဖြည့်စွက်တာတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ သမဝါယမအသင်းဥပဒေကို ထပ်မံပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး သမဝါယမအသင်းသစ်တွေကို ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီစနစ်ကို ကျင့်သုံးတာမသိပ်ရှိခဲ့ပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီခေါင်းဆောင်ပြောတဲ့ သမဝါယမစံနစ်အပေါ် ဝေဖန်မှုများ