တရုတ်နိုင်ငံမှာထိန်းသိမ်းခံထားရတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်ဟာ ဆေးကုသမှုခံယူနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
"MNDAA အဖွဲ့ ခေါင်းဆောင် ဦးဖုန်တာရွှင် ဟာ တရုတ်နိုင်ငံမှာ ဆေးကုသဖို့ခွင့်တောင်းခဲ့တာဖြစ်ပြီး အခုအခါ ဆေးကုသမှုခံယူပြီး ပြန်လည်နာလန်ထူလာနေပြီ။" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က ဒီကနေ့ ပေကျင်းမြို့တော်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
နယ်စပ်ဒေသမြို့တွေက စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ပြီး ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပစ်အခတ်ရပ်စဲပြီး စေ့စပ်ညှိနှိုင်းဖို့ တရုတ်နိုင်ငံက ဖိအားပေးနေချိန်မှာပဲ MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ကနေဆုတ်ခွာဖို့ တရုတ်နိုင်ငံက တောင်းဆိုထားတာကို ငြင်းဆန်ထားတယ်လို့ သတင်းတွေ ထွက်ခဲ့အပြီးမှာပဲ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထား တယ်ဆိုတဲ့သတင်းလည်း နောက်ဆက်တွဲ ထွက်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လက ဝခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တရုတ်အစိုးရ အထူးကိုယ်စားလှယ် တိန့်ရှိကျွင်း က MNDAA အဖွဲ့အနေနဲ့ လားရှိုးမြို့က ဆုတ်ခွာပေးဖို့နဲ မလိုက်နာရင် အရေးယူမယ်လို့ သတိပေးခဲ့ကြောင်းလည်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ဦးဖုန်တာရွှင်နဲ့ရော မိသားစုနဲ့ပါရင်းနှီးသူ တိုင်းရင်းသားခေါင်းဆောင်တဦးကတော့ မကြာသေးခင်အထိ အဆက်အသွယ်ရခဲ့ပြီး လွတ်လွတ်လပ်လပ် စကားပြောခွင့်ရခဲ့တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ကျန်းမာရေးအတွက် ကူမင်းမြို့မှာ ဆေးကုသမှုခံယူနေပြီး မကြာသေးခင်ရက်တွေက မိသားစုနဲ့ ဆက်သွယ် ပြောဆိုမှုတွေရှိခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။