အခု သီတင်းပတ်ထဲမှာ အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကဖုံးလွှမ်းခဲ့ပြီး အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံ အခြေအနေအပေါ် သီးခြား ပြောဆိုတာတွေရှိသလို ခေါင်းဆောင်တွေရဲ့သုံးသပ် ကြေညာချက်လည်း ထုတ်ပြန်တာတွေရှိပါတယ်။ အာဆီယံရဲ့မြန်မာ့အကျပ်အတည်း ဖြေရှင်းမှုအခြေအနေ၊ အလှည့်ကျဥက္ကဋ္ဌ ရာထူးအပြောင်းအလဲနဲ့ ဥက္ကဋ္ဌ (၃) နိုင်ငံ ပူးတွဲပြီး မြန်မာ့အရေးဦးဆောင်အဖြေရှာမယ့် လုပ်ငန်းစဥ်ယန္တရားအသစ်နဲ့ ပတ်သက်ပြီး စင်္ကာပူအခြေစိုက် ISEAS–Yusof Ishak Institute က အကြီးတန်းသုတေသီလည်း ဖြစ်၊ အာဆီယံအရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါ်မိုးသူဇာကို အီးမေးလ်က တဆင့် ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ငြိမ်းချမ်းအေး(VOA) ။ ။ ဂျာကတာ အာဆီယံထိပ်သီး အစည်းအဝေးပွဲအပြီး ထုတ်ပြန်ချက်ထဲက အကြမ်းဖက်မှု အရှိန်လျှော့ချဖို့နဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာတွေရပ်ဖို့တောင်းဆိုချက်မှာ “မြန်မာ့တပ်မတော်” ဆိုပြီး သီးသန့်ရည်ညွှန်းထားတာ သတိပြုမိပါတယ်။ အရင်ကဆိုရင် “ပါဝင်ပတ်သက်သူ အားလုံး” ဆိုပြီး ခြုံငုံပြောလေ့ရှိတော့ အခု စစ်တပ်ကို တိုက်ရိုက်ပြောဆိုတာက အာဆီယံအနေနဲ့ စစ်ကောင်စီအပါ် သဘောထားတင်းမာမှုကို ပြသတာလား။ ဒါမှမဟုတ် ဝေဖန်ခံရမှုတွေလျော့အောင် လုပ်တာလား။
ဒေါ်မိုးသူဇာ ။ ။ စက်တင်ဘာ၊ ၂၀၁၃ ခုနှစ် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် (၅) ချက်နဲ့ပတ်သက်ပြီး သဘောတူညီချက် အကောင်အထည်ဖော်မှုဆိုင်ရာ ဒုတိယအကြိမ် ပြန်လည်သုံးသပ်ခြင်းနဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာပါ။
ဘုံသဘောတူချက် (၅) ရပ် ဆိုင်ရာ အာဆီယံခေါင်းဆောင်တွေရဲ့ ပထမအကြိမ် ပြန်လည်သုံးသပ်ခြင်းနဲ့ ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်သုံးသပ်ချက်နဲ့ဆုံးဖြတ်ချက်မှာ “လက်နက်ကိုင်ဆောင်သည့်သက်ဆိုင်သူအားလုံး” လို့ရည်ညွှန်းခဲ့ပါတယ်။ ဒါပေမယ့် “မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံမှာ တခုတည်းသော အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်” လို့လည်း မှတ်ချက်ပြုထားတာကို တွေ့ခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်မှာတော့ “မြန်မာ့တပ်မတော်ကို အထူးသဖြင့်” လို့ တိုက်တွန်းထားပြီး “မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး” လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ဟာအဓိကတာဝန်ရှိကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထားအမြင်တွေ ဆက်လက် တည်ရှိနေပုံရပါတယ်။
ငြိမ်းချမ်းအေး (VOA) ။ ။ “ထရွိုက်ကာ ယန္တရား” (Troika mechanism) က ဘယ်လောက် အလုပ်ဖြစ်မလဲ။ မြန်မာ့အရေးမှာ ဒီလို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ (၃) နိုင်ငံ ပူးတွဲကိုင်တွယ်သွားဖို့ကို ၂၀၂၁ ခုနှစ်လောက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ပြောဖူးခဲ့တာ သတိပြုမိပါတယ်။ ဒါရဲ့ အားသာချက်၊ အားနည်းချက်က ဘာတွေ ရှိမလဲ ခင်ဗျာ။
ဒေါ်မိုးသူဇာ ။ ။ တကယ်တော့ “ထရွိုက်ကာ ယန္တရား” က ၁၉၉၇ ခုနှစ်မှာ စတင် ခဲ့တာပါ။ အဲ့တုန်းက ကမ္ဘောဒီးယားအာဏာသိမ်းမှုကို အာဆီယံအနေနဲ့ အလွတ် သဘော သီးသန့်တုံ့ပြန်နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး (အဲ့တုန်းက အာဆီယံဥက္ကဋ္ဌအသစ်တာဝန်ယူမယ့် နိုင်ငံကိုယ်စားပြုအဖြစ်)၊ နောက် ကမ္ဘောဒီးယားရဲ့ အိမ်နီးချင်းအဖြစ် ထိုင်းနိုင်ငံ၊ နောက် အင်ဒိုနီးရှားနိုင်ငံကတော့ ကမ္ဘောဒီးယားအရေးကိုဆောင်ရွက်တဲ့ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေထဲမှာ အတွေ့အကြုံအရှိဆုံးအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် “ထရွိုက်ကာယန္တရား” အတွက် အကိုးအကား စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်ဖြစ်တဲ့ လုပ်ငန်းဆိုင်ရာသဘောတူညီချက် (Terms of Reference) ကတော့ သက္ကရာဇ် ၂၀၀၀ ခုနှစ်ကျမှ စတင်အတည်ပြု လက်ခံခဲ့ပြီး အဲဒီမှာ ‘လက်ရှိ’၊ ‘အရင်’နဲ့ ‘နောင်’ အလှည့်ကျဥက္ကဋ္ဌလုပ်ကြမယ့် နိုင်ငံတွေပါဝင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကိုလည်း အခြေအနေအရ ပြုပြင်ပြောင်းလဲဖို့ လိုလာခဲ့ရင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ သဘောဆန္ဒ ခံယူပြီး ဒီဖွဲ့စည်းမှုကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။
“ထရွိုက်ကာယန္တရား” ရဲ့ လုပ်ငန်းဆိုင်ရာသဘောတူညီချက် (Terms of Reference) ဖြစ်လာတာကလည်း အရှေ့တီမောမှာ ၁၉၉၉ ခုနှစ် လွတ်လပ်ရေး ဆန္ဒခံယူပွဲအပြီး ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုရပ်တန့်အောင် အာဆီယံအဖွဲ့က မစွမ်းဆောင်နိုင်ဖြစ်နေတာ အပေါ် နိုင်ငံတကာကဝေဖန်တာကို တုံ့ပြန်ဖို့အတွက် အကောင်အထည်ဖော်ခဲ့တာပါ။
“ထရွိုက်ကာယန္တရား” က ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အခြေအနေတွေမှာ အာဆီယံက စုပေါင်းလုပ်ဆောင်ဖို့လိုလာရင် အသုံးပြုတဲ့ အထူးအဖွဲ့တခု ဖြစ်ပါတယ်။
ဒါပေမယ့် “အာဆီယံ ထရွိုက်ကာ” ရဲ့ အခန်းကဏ္ဍမှာ အထူးအဖွဲ့အနေနဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကိုကူညီပေးဖို့ဖြစ်ပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့ မဟုတ်ပါဘူး။
တကယ်လို့ လိုအပ်လာရင် လိုအပ်တဲ့အချိန်မှာ “အာဆီယံ ထရွိုက်ကာ” အနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သူတို့ကိုအပ်နှင်းထားတဲ့ အရေးကိစ္စတွေကို ကျော်လွန်ပြီး အာဆီယံကို ကိုယ်စားပြုနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အာဆီယံရဲ့ ‘အဖွဲ့ဝင်အားလုံး သဘောတူညီမယ်’ ဆိုတာနဲ့ ‘ဝင်ရောက် မစွက်ဖက်ရဘူး’ ဆိုတဲ့ အခြေခံမူတွေက “ထရွိုက်ကာ ယန္တရား” ထဲမှာ ထည့်သွင်းတည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ၂၀၂၂ ခုနှစ်တုန်းက ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန် စတင်ယူချိန် သူရဲ့မြန်မာနိုင်ငံခရီးစဥ်မှာ အာဆီယံ “ထရွိုက်ကာ” (၃) နိုင်ငံက မြန်မာ့အရေးမှာ ကြားဝင် ဖြေရှင်းနိုင်ခြေကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် သူ့ရဲ့ အကြံပြုချက်ကို အဲ့တုန်းကတစုံတရာ အလေးမထား ခဲ့ကြပါဘူး။
ငြိမ်းချမ်းအေး (VOA) ။ ။ ဒီယန္တရားမှာပါ၀င်တဲ့ (၃) နိုင်ငံက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရာမှာနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရာမှာ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလာမလား။ မြန်မာ့အရေးမှာ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ရှေ့ဆက်ဖို့ ဒါက ပိုပြီး လှုပ်သာလှည့်သာ ပိုချောမွေ့စေမလား။
ဒေါ်မိုးသူဇာ ။ ။ ဒီအဖွဲ့ရဲ့ ဆုံးဖြတ်နိုင်ခွင့်နဲ့လုပ်ပိုင်ခွင့်က ကျမ အပေါ်မှာရှင်းပြခဲ့သလိုပါပဲ။ ဒါပေမယ့် “ထရွိုက်ကာ ယန္တရား” က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းကို အာဆီယံကတုံ့ပြန်ရာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ပိုပြီး ညှိညှိနှိုင်းနှိုင်း စုစုစည်းစည်းနဲ့ ပူးပေါင်းဆွေးနွေး လုပ်ဆောင်နိုင်မယ့် ချဉ်းကပ်မှုအဖြစ် အသုံးဝင်လာပါလိမ့်မယ်။ တဖက်မှာလည်း “အာဆီယံ ထရွိုက်ကာ” ရဲ့လုပ်ငန်းဆိုင်ရာ သဘောတူညီချက် (Terms of Reference) မှာ အာဆီယံနိုင်ငံတွေရဲ့ ဘုံသဘောတူညီမှုနဲ့ “ဒေသတွင်းငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေ” ဖြစ်လာခဲ့ရင် ဖြစ်လာချိန်မှာ သူ့ရဲ့ အခွင့် အာဏာလုပ်ပိုင်ခွင့်နဲ့ ဖွဲ့စည်းဖို့ ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ သတိပြုသင့်တာတခုက ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကျပ်အတည်းနဲ့ ပတ်သက်ပြီးနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ရဲ့ သဘောထားတင်းမာမှုတွေ ပြခဲ့တာအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြားကွဲပြားတဲ့အမြင်တွေကိုထုတ်ဖော်ပြသခဲ့ကြတာကိုပါ။
ငြိမ်းချမ်းအေး (VOA) ။ ။ အင်ဒိုနီးရှားရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်၊ သူ့ရဲ့ “တိတ်တိတ်ဆိတ်ဆိတ် သံတမန်ဆက်ဆံရေး” က ဘယ်လောက်ထိရောက်လဲ။ ရှေ့နှစ် လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌဖြစ်ရင် မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေကို ပိုပြီး လက်ခံသွားဖို့ ဦးသွားမလားဆိုပြီး တချို့က ယူဆထားကြတာတွေရှိပါတယ်။ အခု ထိပ်သီး အစည်းအဝေးနဲ့ ဒီလိုနောက်ခံ အခြေအနေကို ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဒေါ်မိုးသူဇာ ။ ။ ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအကျပ်အတည်းနဲ့နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာက နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်ပြီး စိုးရိမ်ချက်ကိုနေ့ချင်းညချင်း ဖြေရှင်း နိုင်ဖို့၊ ဒါမှမဟုတ် အာဆီယံ နိုင်ငံ တနိုင်ငံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေစဉ်အတွင်း အမြန်ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်တာကို ညွှန်ပြနေပါတယ်။ အင်ဒိုနီးရှားရဲ့ “တိတ်တိတ်ဆိတ်ဆိတ် သံတမန်ဆက်ဆံရေး” က သက်ဆိုင်သူအားလုံးကို ထိတွေ့ပြီး သူတို့ရဲ့အမြင်တွေနဲ့ စိုးရိမ်မှုတွေကို တိုင်ပင်ဆွေးနွေးတာပါ။ ဒါက ယုံကြည်မှု တည်ဆောက်ရေးအတွက် မြန်မာ့အရေးမှာပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးရဲ့အသံကို နားထောင်တဲ့ အရေးပါမှုကို အသိအမှတ်ပြုတဲ့ ကွဲပြားတဲ့ ချဉ်းကပ်မှုကို ကိုယ်စားပြုပါတယ်။
၂၀၂၃ ခုနှစ် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်မှုဆိုင်ရာအာဆီယံခေါင်းဆောင်တွေရဲ့သုံးသပ်မှုနဲ့ဆုံးဖြတ်ချက် ထုတ်ပြန်ရာမှာအားလုံးပါဝင်တဲ့ ထိတွေ့ဆက်ဆံမှုတွေက တဆင့် ယုံကြည်မှုတည်ဆောက်တဲ့ ဒီချဉ်းကပ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် လာမယ့် အာဆီယံဥက္ကဋ္ဌတွေက ဒီနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ကိုးကား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး (VOA) ။ ။ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် အာဆီယံအနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ ကျင့်သုံးလာတဲ့ “ဝင်ရောက်မစွက်ဖက်ရေးမူ” ကို စွန့်ဖို့ မလေးရှားနိုင်ငံလို တချို့ အာဆီယံနိုင်ငံတချို့က သဘောထား ထုတ်ဖော်ကြတာ ရှိပါတယ်။ ဒါက တကယ် အကောင်အထည်ဖော် ကျင့်သုံးနိုင်ပါ့မလား ခင်ဗျာ။ အရင်ကရော ဒါမျိုး ဖြစ်ရပ်တွေ ရှိခဲ့လား။
ဒေါ်မိုးသူဇာ ။ ။ ပြည်တွင်း ဖြစ်စဥ်ဖြစ်ရပ်နဲ့ တိုးတက်ဖြစ်ထွန်းမှုတွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေတဲ့အခြေအနေတွေ ဖြစ်လာရင်၊ သို့မဟုတ် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်သူတွေအပေါ် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုရှိစေတဲ့ အခြေအနေတွေမှာဆိုရင် ပြင်ပကနေစွက်ဖက်တာကို “ဝင်ရောက်စွက်ဖက်ခြင်း” လို့ မယူဆပါဘူး။ အရင်က ပြင်ပ ဝင်ရောက်စွက်ဖက်မှုတွေကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေမှာ အများစုဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းတုန်းက အာဆီယံနိုင်ငံတွေ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့တုံ့ပြန်မှုက ဒီလို ပြင်ပဝင်ရောက်စွက်ဖက်မှုရဲ့ ဥပမာတခုဖြစ်ပါတယ်။ ဒီနှစ်တွေတလျှောက်မှာ မြန်မာနိုင်ငံက အခြေအနေတွေ၊ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အာဆီယံက ထုတ်ဖော်ပြောဆိုတာတွေ ရှိပါတယ်။ အထူးသဖြင့် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း၊ တခါ ၂၀၁၆-၁၇ ခုနှစ်တွေမှာနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လတ်တလော ပြောဆိုတာတွေကို တွေ့ရပါမယ်။
ငြိမ်းချမ်းအေး (VOA) ။ ။ နောက်မေးခွန်းတခုကတော့ အာဆီယံအနေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးဖြတ်တောက်တာကို ဆက်ထားမလား ဆိုတာပါ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီ နာတာလီဂါဝါ တခါ ပြောဆိုဖူးတာကို ကိုးကားပါရစေ။ “အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ (မြန်မာနေရာ) ထိုင်ခုံ လွှတ်ထားတာက အခြေခံ သဘောကတော့ သူတို့က နေသာတဲ့ ‘Comfort Zone’ ထဲမှာ နေပြီး၊ သူတို့က တာဝန်ခံစရာ မလိုဘဲ” ဖြစ်နေတယ်ဆိုပြီး ထောက်ပြကြတာတွေ ရှိပါတယ်။ ရှေ့မှာ မြန်မာနဲ့ အာဆီယံ ဆက်ဆံရေးက ဘယ်လို ဖြစ်လာမလဲ။
ဒေါ်မိုးသူဇာ ။ ။ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးကိုပဲ တက်ရောက်ခွင့် စံသတ်မှတ်ချက်က “ဆက်ဆံရေးဖြတ်တောက်ခြင်း” မဟုတ်ပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် နေရာ ဆက်ထားပေးပါတယ်။ ဒီအဆင့်မြင့် အစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်ကိုပဲ ကန့်သတ်ထားတဲ့စံနှုန်းက လက်ရှိ မြန်မာနိုင်ငံကအာဏာပိုင်တွေက အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိတာနဲ့ ဆက်နွှယ်နေလို့ ဒါဟာ အာဆီယံက စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တာဝန်ယူမှုရှိတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ထုတ်ပြန်ချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခု ဖြစ်ကြောင်း အလေးပေးဖော်ပြတာကို တွေ့ရမှာပါ။
----
[ဒေါ်မိုးသူဇာဟာ စင်္ကာပူ အခြေစိုက် ISEAS–Yusof Ishak Institute က အကြီးတန်းသုတေသီ တဦးဖြစ်သလို စင်္ကာပူ အမျိုးသားတက္ကသိုလ်၊ သမိုင်း၊ ဝိဇ္ဇနဲ့ လူမှုရေးသိပ္ပံ ဘာသာရပ်များဌာနမှာ ပါရဂူဘွဲ့ အတွက် ကျမ်း ပြုစုနေသူ တဦးဖြစ်ပါတယ်။ အရင်ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ အာဆီယံလူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးဌာနကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။]