မြန်မာနိုင်ငံ စာနာမှုအကျပ်အတည်း ထိရောက်တဲ့နည်းနဲ့ ဖြေရှင်းဖို့ အကူအညီပေးရေးအဖွဲ့တွေတိုက်တွန်း

ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ စာနာမှုအကျပ်အတည်းတွေ ပေါ်ပေါက်နေတာကို လက်တွေ့ကျကျ ဖြေရှင်းဖို့ ဒေသခံ အကူအညီပေးရေးလုပ်ငန်းတွေမှာ ပါဝင်နေသူတွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးရာမှာ မြေပြင်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်မှသာ ထိရောက်မှု ရှိနိုင်တယ်လို့လည်း ပြောပါတယ်။ သြဂုတ်လ (၁၉) ရက် ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုနေ့မှာ ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီ အပြည့်အဝမရရှိဘူးလို့ စစ်ပြေးဒုက္ခသည်အရေး ဆောင်ရွက်နေအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် တိုက်ရိုက်ထိခိုက်ခံစားရသူတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အရှိန်မြှင့်ပြီး မြေပြင်မှာ အမှန်တကယ်အကူအညီပေးတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးဖို့ တောင်းဆိုထားတယ်လို့ တအန်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ပေ့ါနော်၊ ရှမ်းမြောက်သာမကပေါ့နော်၊ မြန်မာပြည်မှာ ရှိနေတဲ့ လူထုတွေ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုတွေ များများကူညီပေးပံ့ပိုးပေးဖို့ တောင်းဆိုချင်သလို တဖက်မှာလည်း တကယ့်ကို ဘယ်ဒေသမဆို ဘယ်အရပ်မဆိုပေါ့နော် အခုဆိုရင် ရှမ်းမြောက်မှာဆိုရင် local CSO နဲ့ CBO တွေပဲ အဓိကချိတ်ဆက်ပြီးမှ ဆောက်ရွက်နေတဲ့ အပိုင်းတွေ ကူညီပေးနေတဲ့အပိုင်းတွေက ပိုများနေတာပါ။ ဒီလို မြေပြင်ကအဖွဲ့တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးမှ ကူညီပံ့ပိုးမယ်ဆိုရင်တော့ ထိရောက်မယ်၊ ပိုပြီးမှလည်း လုံလုံလောက်လောက်ကူညီချိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၀ ၂၇ စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံအသုံးပြုနေတာကြောင့် စစ်ပြေးဒုက္ခသည်အရေအတွက် တိုးလာနေတာပါ။ ရှမ်းမြောက်ပိုင်းဒေသအတွင်းမှာ စစ်ပြေးဒုက္ခသည် ဦးရေ ၆၀,၀၀၀ ထက်မနည်း ရှိနေပြီး မြေပြင်မှာ ဒီထက်မက အရေအတွက်ပိုများနိုင်တယ်လို့ တအန်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေများပြားနေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကူအညီ လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

အလားတူ ကရင်နီပြည်နယ်မှာလည်း ဒီ ၃နှစ်ကျော်ကာလအတွင်းမှာ စစ်ဘေး တိမ်းရှောင်နေရသူ ၃သိန်းခွဲလောက်ရှိပါတယ်။ တချို့ ကရင်နီပြည်နယ်ထဲ ဘေးကင်းတဲ့နေရာမှာ ခိုလှုံနေကြသလို တချို့ကတော့ တခြား တိုင်းနဲ့ ပြည်နယ်တွေဘက် ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ မြေပြင်မှာ စစ်ဒဏ် ထိခိုက်ခံစားနေရသူ အမှန်တကယ် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကို အရှိန်မြင့် ပံ့ပိုးကူညီပေးဖို့ ပန်ကြားလိုတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂)လည်းဖြစ် ကရင်နီလူ့အခွင့်အရေးတည်ထောင်သူလည်း ဖြစ်တဲ့ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

SEE ALSO: မြန်မာနဲ့ ကမ္ဘာတဝန်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သန်း ၁၂၀ ရှိ (UNHCR)

စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြား စစ်ပြေးဒုက္ခသည်အများစုဟာ စားသောက်နေထိုင်ရေးအတွက် အလှူရှင်တွေကိုပဲ မီုခိုအားထားနေရတာကြောင့် စိတ်ကျရောဂါ စတဲ့ စိတ်ပိုင်ဆိုင်ရာပြသနာတွေ အကြီးအကျယ် ခံစားနေကြရတယ်လို့ ကိုဗညားက ဆိုပါတယ်။

“စိုက်ပျိုးနိုင်မယ့်အခြေအနေလည်း မရှိဘူးပေါ့နော်။ ငွေကြေးဝင်ငွေလည်း မရှိဘူး။ စားရေးနေရေးက ပိုကျပ်တည်းလာတယ်။ လိုအပ်တဲ့ အဟာရပြည့်မီနိုင်မှုလည်း မရှိဘူး။ သူများကျွေးတာကို လက်ဖျားခံ တောင်းစားရတဲ့ ဘဝက သူတို့အတွက် အခက်အခဲဆုံးစိန်ခေါ်မှု အကြီးဆုံးတခုလို့ပေါ့ စိတ်ပိုင်ဆိုင်ရာ ပြောလို့ရတယ်ပေါ့။ ဘာဖြစ်လဲဆိုတော့ ကျနော်ပြည်နယ်က လူတွေက ကိုယ့်ဟာကိုယ်ပဲ စိုက်ကြတယ် မွေးကြတယ် စားကြတဲ့ ဘဝကနေ အခုလိုမျိုး သူများပေးတာကိုပဲ စားနေရတယ်၊ သူများကို မှီခိုနေရတဲ့ ဘဝရောက်သွားတော့ ရုပ်ပိုင်ဆိုင်ရာအရကတော့ တပိုင်းပေါ့ စိတ်ပိုင်ဆိုင်ရာတော့ တော်တော်လေး ကျဆင်းတာကို ကျနော်တို့ ခံစားရတယ်။”

ဒါ့အပြင် စစ်ရေးပဋိက္ခကာလမှာ အမျိုးသမီးတွေ အကြမ်းဖက်မှု အမျိုးမျိုးရင်ဆိုင်နေရတာမို့ ကုစားပေးဖို့လည်း လိုအပ်တယ်လို့ IEC ရဲ့ လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထာင်ရေးဌာန ဌာနမှူး ခွန်မာတီးယား က ဗွီအိုအေကို ပြောပါတယ်။

“အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက်မှုအမျိုးမျိုးမှ ကြုံနေရတယ်ပေါ့လေနော်။ အိမ်တွင်းအကြမ်းဖက်မှု လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုတွေ အမျိုးမျိုးကြုံနေရတယ်။ ဒီပဋိပက္ခကာလမှာပေါ့လေနော်။ အဲ့ဒီဟာအတွက် အထူးသလည်း ကုသဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့ လိုတယ်။”

ဇူလိုင်လ ကထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အစီရင်ခံစာအရ မြန်မာပြည်တွင်းမှာ စစ်ပြေးဒုက္ခသည် အရေအတွက် အနည်းဆုံး ၃ သန်းရှိနေကြောင်းဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ အလွန်အမင်း စိုးရိမ်စရာဖြစ်နေပြီး နိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ အရပ်သားတွေ ရင်ဆိုင်နေရတဲ့ ဆုံးရှုံးမှုအများဆုံးဖြစ်တယ်လို့လည်း UNOCHA က ပြောပါတယ်။

မြန်မာအပါအဝင် ကမ္ဘာအနှံ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း သန်းပေါင်းများစွာရှိနေပြီး သူတို့အားလုံးအတွက် နိုင်ငံတကာ လူသားချင်းစာနာမှု အထောက်အကူလိုအပ်နေသူတွေ ဖြစ်ကြတယ်လို့ ဒီကနေ့ သြဂုတ် လ ၁၉ ရက် ကမ္ဘာ့ လူသားချင်းစာနာမှု နေ့မှာ ဆွီဒင်သံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်ဘေးနဲ့ ကပ်ရောဂါတွေဖြစ်ပွားနေတဲ့နေရာမှာ လူသားချင်းစာနာမှု အထောက်အကူဟာ ပိုမို အရေးပါလာတဲ့အကြောင်း ပြောဆိုထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပြီး အကူအညီလိုအပ်နေသူတွေရဲ့ အသက်တွေ ကယ်နိုင်အောင်၊ ရင်ဆိုင်ရတဲ့ ဒုက္ခတွေ လျော့ပါးအောင်၊ လူ့ဂုဏ်သိက္ခာ မညှိုးနွမ်းရေး ထိန်းသိမ်းပေးနိုင်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆွီဒင်က ကမ္ဘာလုံးအတိုင်းအတာ အကူအညီအဖြစ် ခရိုနာ ဘီလီယံရာချီ ထည့်ဝင်ကူညီထားကြောင်း ဆိုပါတယ်။ အလားတူ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများမှာလည်း ဆွီဒင်ကများစွာ ပံ့ပိုးကူညီပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ စာနာမှုအကျပ်အတည်း ထိရောက်တဲ့နည်းနဲ့ ဖြေရှင်းဖို့ အကူအညီပေးရေးအဖွဲ့တွေတိုက်တွန်း