စစ်ကောင်စီက မကြာသေးခင်ကပဲ အသစ်ဖွဲ့စည်းလိုက်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်အပေါ် အကဲခတ်တွေက စိုးရိမ်နေကြပါတယ်။ စစ်ဌာနချုပ်တခု ကျဆုံးခဲ့တာ အပါအဝင် စစ်ရေးအရ အရေးနိမ့်နေချိန်မှာ ဖွဲ့စည်းလိုက်တဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုတိုက်ဖျက်မှု ကြီးကြပ်ရေးအဖွဲ့ဟာ လက်တွေ့မှာ အများပြည်သူ လုံခြုံမှု ပေးနိုင်မလား ဆိုတာကိုလည်း မေးခွန်းထုတ်နေကြတာပါ။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ဗွီအိုအေက လက်ခံရရှိတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့- သြဂုတ် ၁၆ ရက် နေ့စွဲနဲ့ ဖွဲ့စည်းခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုတိုက်ဖျက်မှု ကြီးကြပ်ရေးအဖွဲ့ မှာ စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ကို ဥက္ကဋ္ဌ နေရာ ထားပြီး ကာကွယ်ရေး ဒုဝန်ကြီး၊ ပြည်ထဲရေးဒုဝန်ကြီး၊ တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်အသီးသီးက ဒုတိယတိုင်းမှူးတွေ၊ ပြည်နယ်နဲ့တိုင်းတွေက လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီးတွေအပါအဝင် ရဲချုပ်နဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မီးသတ်ဌာန တို့ပါဝင် ဖွဲ့စည်းထားပါတယ်။
အဖွဲ့တွေကို နေပြည်တော်၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သာမက ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက်ပါ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးမယ့်အထိ ပါဝင်ပါတယ်။
ဥပဒေပညာရှင်တဦး ကတော့ ဥပဒေကြောင်းအရ အာဏာရသူဘက်က ဖွဲ့စည်းခွင့်ရှိပေမယ့် အဲဒီအဖွဲ့ က ဖော်ဆောင်မယ့် လုပ်ရပ်တွေက ပြည်သူအပေါ်လုံခြုံစေမလား ကြောက်ရွံံ့စေမလားဆိုတာမေးခွန်း ထုတ်စရာရှိနေတယ်လို့ထောက်ပြပါတယ်။
"တကယ်လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုအကြမ်းဖက်ကိုနှိမ်နင်းမှာလဲ၊ အကြမ်းဖက်ကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။ အကြမ်းဖက်ဥပဒေနဲ့သက်ဆိုင်တဲ့ဟာကိုလား ရာဇဝတ်မှုနဲ့ ဆိုင်တဲ့အကြမ်းဖက်ကိုလား ဘယ်လိုနှိမ်နင်းလဲဆိုတာကလုပ်ရပ်ပေါ်မှာဘဲမူတည်တာပေါ့။ အဲဒီတော့ အခြေအနေ အချိန်အခါနိုင်ငံရေး အရ တိုင်းပြည်ရဲ့အခြေအနေအချိန်အခါအရ အာဏာရှိတဲ့သူက ဖွဲ့ခွင့် ရှိလို့ဖွဲ့တဲ့သဘောတော့ဖြစ်တာပေါ့။ သူတို့ပြုမှုလုပ်ဆောင်တာက အကြမ်းဖက်ဆိုတာဘာလဲ၊ အကြမ်းဖက်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းမျိုးဆိုလဲ ဥပဒေအရ ဖွဲ့ဖို့ခွင့်ပြုထားတာက ရှိတာကို ရာဇဝတ်မှု နဲ့ပတ် သတ်တာလား ဒါတွေကတော့သူတို့လုပ်ဆောင်ချက်နဲ့သက်ဆိုင်မှာပါ။ မူပေါ် မူတည်တယ် နိုင်ငံသားနဲ့ လူ့အခွင့်အရေးကာကွယ်ဖို့လား နိုင်ငံသားနဲ့လူ့အခွင့်အရေးကိုကာကွယ်ဖို့မဟုတ်ဘဲ နိုင်ငံသားတွေကိုကြောက်အောင်လုပ်ဖို့လား သူ့ရည်ရွယ်ချက်မူတည်အလုပ်လုပ်ကြတာလေ"
ဖွဲ့စည်းတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထား တာမရှိသေးပါဘူး။ နယ်မြေအလိုက် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကို ဘယ်တော့ဖွဲ့စည်းမလဲ၊ ဘယ်နေရာတွေမှာ အသုံးပြုမှာလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ပြော တာမရှိသေးပါဘူး။
စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့- လတ်တလော တိုက်ပွဲတွေနဲ့ကိုက်ညီတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတပ်ဆင်ဖို့၊ ထိထိရောက်ရောက်တိုက်ပွဲ ဝင်နိုင်မယ့် နည်းဗျူဟာတွေ လေ့ကျင့်ပေးဖို့နဲ့ နည်းပညာမြင့်စစ်လက်နက်ပစ္စည်းတွေကိုကိုင်တွယ် အသုံး ပြုနိုင်ဖို့အတွက် အတတ်ပညာရှင်တွေထည့်သွင်းဖွဲ့စည်းနိုင်ဖို့က ဒီဗဟိုကြီးကြပ်မှုအဖွဲ့ရဲ့ တာဝန်တွေလို့ဆိုထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပန်းတိုင် အဖွဲ့ တာဝန်ခံ CDM တပ်မတော်အရာရှိ ကိုနောင်ရိုးကတော့ စစ်ကောင်စီက မြို့ရွာတွေမှာ စစ်တပ်အရံတပ်ဖွဲ့တွေဖွဲ့စည်းလာတာဖြစ်သလို စကစ ထောက်ခံမှုရှိတဲ့ ဒေသအချို့မှာတော့ ပြည်သူ့စစ်စုဖွဲ့ပြင်ဆင်မှုတွေ နည်းနည်းပိုအားကောင်းလာနိုင်သလို တော်လှန်ရေး အဖွဲ့တွေကို တန်ပြန် တိုက်နိုင်ဖို့ပြင်ဆင်လာတာဖြစ်တယ်လို့သူကပြောပါတယ်။
"ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟို ဆိုပြီးသူတို့စုဖွဲ့လိုက်တာ လုပ်ငန်းတာဝန်တွေကို လေ့ လာသုံးသပ်ကြည့်တဲ့အခါမှာ စစ်ကောင်စီအနေနဲ့စစ်တပ်အရံတပ်ဖွဲ့ပုံစံမျိုး စုဖွဲ့လေ့ကျင့်ပြင်ဆင်လုပ် ဆောင်လာတာလို့ ပြောလို့ရပါတယ်။ ရပ်ရွာကာကွယ်ရေးတွေဖွဲ့စည်းလေ့ကျင့်ပေးတာ၊ လက်နက်တပ် ဆင်ပေးတာတွေလုပ်လာနိုင်တယ်လို့ယူဆတယ်။ ပြီးတော့ ဆက်သွယ်ရေးနည်းပညာ အထောက်အကူ ပြုတပ်တွေစုဖွဲ့လာနိုင်ပါတယ်။ သာမန်လက်နက်ငယ်တွေအပြင် အခြားအကြီးစားလက်နက်တွေပါ တပ်ဆင်ပေးလာတာတွေရှိလာနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ စကစ ထောက်ခံမှုရှိတဲ့ ဒေသအချို့မှာတော့ ပြည်သူ့စစ်စုဖွဲ့ပြင်ဆင်မှုတွေ ပိုအားကောင်းကျယ်ပြန့်လာမယ် လို့သုံးသပ်မိပါတယ်။"
စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာတော့- ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေရဲ့တာဝန်ထမ်းဆောင်မှုကာလပေါ်မူတည်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့် နဲ့ ကင်းလွတ်ခွင့်တွေဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး အခြေအနေအရ ပြုန်းတီးသွားတဲ့အင်အားများ ဖြည့်တင်းပေးတာ တိုးချဲ့ ဖွဲ့စည်းတာ၊ ခေတ်ကာလနဲ့လိုက်လျောညီထွေအောင် အရည်အချင်းဖြည့်တင်းမှု၊ တိုးတက် ပြင်ဆင်ဖွဲ့စည်းတာတွေလုပ်ရမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒီလိုတွေလုပ်နိုင်ဖို့အတွက် အတတ် ပညာရှင်များ ထည့်သွင်းဖွဲ့စည်းသွားမယ်လို့ဖော်ပြထားပါတယ်။ နောက်ပြီး ခန့်အပ်လိုက်သူတွေကို သတ်မှတ်နယ်မြေ တွေ နဲ့ တာဝန်တွေပေးအပ်ထားမှာဖြစ်သလိုတိုက်ပွဲကျဆုံးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ကူညီမှုများ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ်ဇန်နဝါရီလအစောပိုင်းမှာပဲ ပြည်သူ့လုံခြုံရေး စနစ်အကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ခပ်စိပ်စိပ်ထုတ်ပြောထားတာပါ။ ဒီအဖွဲ့နဲ့ပတ်သတ်လို့ အသေးစိတ်မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။
Forum