== [[ Zawgyi ]] ==
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်ဒေသ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုး ဒေသဘက်မှာ ရက်ခြားဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က တပ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ် မြန်မာနယ်စပ်က စစ်ရေးသတင်းကိုတော့ ကိုရဲမွန်က တင်ပြပေးပါမယ်။
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသဘက်မှာ ဇူလိုင်လဆန်းလောက် စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ MNDAA ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ရာက ဒီနှစ် ပွင့်လင်းရာသီမှာတော့ ပိုမို ပြင်းထန်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။
လက်ရှိ ဒေသတွင်း အခြေအနေကို ကြူကုတ်(ပန်ဆိုင်း)ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ ဒီမှာ စစ်တပ်ဘက်ကနေပြီးတော့ အင်အား တိုးချဲ့ထားတာတော့ ရှိတယ်။ အင်အားတော့ တော်တော်များတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဒီဘက်ဒေသကို တချို့ဟာတွေလည်း ရောက်နေတာတော့ ရှိတာပေါ့။ ဒီရက်ပိုင်း လောလောဆယ် ပန်ဆိုင်းရဲစခန်းမှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်ပေါ့။ မုံးကိုးဘက်လည်း တိုက်ပွဲက ခန ခန ဖြစ်နေတယ်။ ကိုးကန့်နဲ့ ဖြစ်တယ်။”
ပန်ဆိုင်း ရဲစခန်းတိုက်ပွဲဟာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖြစ်ခဲ့ပြီး MNDAA ကိုးကန့်တပ်က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မုံးကိုး ဒေသခံတဦးကလည်း ကြာသပတေးနေ့က မုံးကိုးအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။
“ မနေ့ကကို နမ့်တူးဘက်မှာ နည်းနည်းဖြစ်တာပေါ့နော့။ အသံ နည်းနည်းကြားရတယ်။ နမ့်တူးဘက်က မုံးကိုးကနေ မဝေးပါဘူး။ မုံးကိုး ဘေးနားမှာပဲ။ မိနစ် ၃၀။ ၂၀ - ၃၀ လောက် ဖြစ်တာပေါ့နော။”
ဒီနေ့ကတော့ တိုက်ပွဲဖြစ်ပွားသံ မကြားရကြောင်း ပြောပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ အောက်တိုဘာလ ၁၇ ရက်နေ့လောက်က စတင်ပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းလာကြောင်း၊ စစ်ကောင်စီရဲ့ တပ်စခန်းတွေက ကိုးကန့်တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ကိုးကန့်တပ်ဖွဲ့ကလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်တာတွေရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသမှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၆ အခြေစိုက်ထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။
လက်ရှိ ဒီဒေသမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ခြေကုပ်ယူဖို့ ကြိုးစားနေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ပြင်းထန် လာနိုင်ကြောင်း KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အခုလို သုံးသပ်ထားပါတယ်။
“ တိုက်ပွဲကတော့ ပြင်းထန်လာနိုင်ပါတယ်။ နယ်စပ်ဒေသလည်း ဖြစ်နေတယ်။ နောက်ပြီးတော့ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာကတော့ MNDAA တွေ စခန်းထိုင်၊ အနေထိုင်ဖို့ စီစဉ်နေတာဟာကို သူတို့ကတော့ အနေမထိုင်နိုင်အောင် စီစဉ်နေတယ်လို့ ကျနော်ထင်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ ကျနော်တို့ KIA ရဲ့ တပ်မဟာ ၆ နယ်မြေလည်း တဆက်တည်း ဖြစ်နေတယ် ဆိုတော့ - အဲဒီဘက်က နယ်မြေရှင်းလင်းရေးလို့ ပြောရမှာပေါ့ သူတို့က။ အဲဒါကြောင့် စစ်အင်အားတွေ၊ လက်နက်အင်အားတွေ တိုးချဲ့ထားတာဖြစ်မယ်လို့ ကျနော် သုံးသပ်ထားတာဖြစ်ပါတယ်။”
ဒီနှစ် ဇူလိုင်လဆန်းက စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ကြူကုတ်(ပန်ဆိုင်း)ဘက်မှာ ဒုက္ခသည် ၁၄၀၀ ကျော်၊ မုံးကိုးဘက်မှာ ၇၀၀ လောက်နဲ့ ဖောင်းဆိုင်ဘက်မှာ ၁၅၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ကျည်ထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် အနည်းဆုံး လူ ၁၀ဦး လောက် သေဆုံးခဲ့ပါတယ်။
Your browser doesn’t support HTML5
== {{ Unicode }} ==