ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ အကြမ်းဖက်မှု သေဆုံးသူ ၃၀ ကျော်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်းတွေ့ရတဲ့ ဆန္ဒပြသူများ (ဇူလိုင် ၁၉၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးတဲ့သူ အရေအတွက်ဟာ မနေ့ကြာသပတေးနေ့ကအထိ ၃၂ ယောက် ထက်မနည်းရှိသွားပြီဖြစ်တယ်လို့ AFP သတင်းဌာနက ပြောပါတယ်။ မနေ့က ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၊ ရဲကင်းစခန်း ၅၀ လောက်လည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြတဲ့သူတွေက အစိုးရ အဆောက်အအုံတွေကို မီးရှို့ခဲ့ကြပြီး၊ ဒါကာမြို့တော်မှာ လူစုလူဝေးတွေလုပ်ပြီး လူထုဆန္ဒပြတာတွေမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေဘက်က အဲဒီလို တားမြစ်ထားတဲ့ကြားမှာပဲ ဒီနေ့မှာ ဆန္ဒပြတဲ့ကျောင်းသားတွေဟာ အာဏာပိုင်တွေရဲ့ အမိန့်ကို အာခံပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီးတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေသုံးပြီး လူစုခွဲခဲ့ပြီး ဒီနေ့မှာ နောက်ထပ် သေဆုံးသူက ၃ ယောက်ကနေ ၅ ယောက်အထိ ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ချထားပေးဖို့ တရားရုံးချုပ်ရဲ့ ပြီးခဲ့တဲ့လထဲဆုံးဖြတ်ချက် အပေါ်မှာ ကျောင်းသားတွေ မကျေနပ်တာကြောင့် ဆန္ဒပြနေကြတာပါ။ ဆန္ဒပြပွဲတွေကို ထိန်းချူပ်ဖို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ အငြင်းပွါးစရာ အစိုးရအလုပ်ခွဲတမ်းစနစ်နဲ့ ပတ်သက်လို့ ကျောင်းသားတွေမကျေနပ်ဆန္ဒပြတယ်ဆိုပေမဲ့ စီးပွါးရေး ကြပ်တည်းတာ၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတာ၊ အလုပ်လက်မဲ့နှုန်းများလာတာ၊ နိုင်ငံခြားအရန်ငွေတွေ လျော့နည်းလာတာ စတဲ့ ကိစ္စတွေကလည်း ဆန္ဒပြသူတွေ မကျေနပ်ဖြစ်နေကြတဲ့ အကြောင်းရင်းတွေထဲပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ အကြမ်းဖက်မှု သေဆုံးသူ ၃၀ ကျော်ရှိ