Move Forward ပါတီခေါင်းဆောင် Pita နုတ်ထွက်

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ လူထုကို မိန့်ခွန်းပြောနေတဲ့ Move Forward Party ခေါင်းဆောင် Pita Limjaroenrat (ဇူလိုင် ၂၂၊ ၂၀၂၃)

အခုနှစ် မေလအတွင်းကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရတဲ့ Move Forward (ရှေ့သို့ချီ) ပါတီခေါင်းဆောင် Pita Limjaroenrat ဟာ ပါတီခေါင်းဆောင်နေရာကနေ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

Pita ဟာ ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတခုမှာ အစုရှယ်ယာပါဝင်တယ်ဆိုတဲ့ တိုင်ကြားချက်ကို စစ်ဆေးနေစဉ်အတွင်း အခြေခံဥပဒေခုံရုံးရဲ့ အမိန့်နဲ့ သူ့ကို လွှတ်တော်အမတ်နေရာကနေ ယာယီ ဖယ်ရှားခံထားရပါတယ်။ သူ့ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရေးမှာလည်း အတားအဆီးတွေ ကြုံခဲ့ရပြီး Move Forward ပါတီအနေနဲ့ ပါတီကို ထိထိရောက်ရောက် ဦးဆောင်မယ့် ခေါင်းဆောင်သစ် ရွေးချယ်ဖို့ လိုအပ်တာကြောင့် အခုလို နုတ်ထွက်လိုက်တာလို့ Facebook လူမှုကွန်ယက်မှာ ရေးပါတယ်။

ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ပြီးခဲ့တဲ့နောက် Move Forward ပါတီဟာ ထိုင်းနိုင်ငံရေးမှာ အဓိက အတိုက်အခံပါတီ ဖြစ်လာပါတယ်။

အခု သူ့နေရာမှာ ပါတီတွင်း လွှတ်တော်အမတ်တဦးကို ရွေးကောက်ပြီး အတိုက်အခံပါတီခေါင်းဆောင်အဖြစ် ဦးဆောင်စေမှာပါ။ Pita အနေနဲ့ ပါတီခေါင်းဆောင်နေရာက အနားယူလိုက်ပေမဲ့ နိုင်ငံရေးကနေ ပျောက်ကွယ်သွားမှာမဟုတ်ပဲ ပါတီတွင်းလှုပ်ရှားမှုတွေအပြင် မိတ်ဖက်ပါတီတွေနဲ့ပါ လက်တွဲပြီး နိုင်ငံ့အရေးမှာ ပါဝင်သွားဦးမှာပါလို့ Pita က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

Move Forward ပါတီခေါင်းဆောင် Pita နုတ်ထွက်