မြန်မာ့ဒီမိုကရေစီရေးကို ဆက်ကူညီသွားမယ်လို့ Move Forward ပါတီ ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော် ဝန်ကြီးချုပ်သစ်မဲပေးပွဲမှာ စကားပြောကြားနေတဲ့ Move Forward ပါတီ အမတ် Rangsiman Rome (ဇူလိုင် ၁၉၊ ၂၀၂၃)

ထိုင်းလွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ Move Forward ပါတီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပါတီ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ ထိုင်းလွှတ်တော် ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ Rangsiman Rome က ဗွီအိုအေကို ပြောပါတယ်။

Move Forward ပါတီ အနေနဲ့ ပါတီရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရတဲ့အချိန်ဖြစ်ပေမဲ့လို့ မြန်မာ့အရေးကိုတော့ ဆက်လက် ကူညီသွားမှာပါလို့ ဒီကနေ့ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များကလပ် (FCCT) မှာ Rangsiman Rome က ခုလို ပြောပါတယ်။

"ပါတီ ဖျက်သိမ်းခံရတဲ့ အတွေ့အကြုံမျိုး ကျနော်တို့မှာ ရှိပြီးသား ဆိုတော့ တခုခု ဖြစ်ခဲ့ရင် ဘာဆက်လုပ်မလဲဆိုတ ာကျနော်တို့ မှာ အစီအစဉ် ရှိပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာမဆို ကျနော်တို့ ပါတီအနေနဲ့ အဆင်သင့် ပြင်ဆင်ထားသလို တချိန်တည်းမှာပဲ မြန်မာပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ရရှိရေး အတွက် ပံ့ပိုးပေးနိုင်ဖို့လည်း ကြိုးစားသွားမှာပါ။ အလားတူ ထိုင်းနိုင်ငံအနေနဲ့ လည်း မြန်မာနိုင်ငံကို အကူအညီတွေ ပေးတဲ့ နေရာမှာ မဖြစ်မနေ အကောင်အထည် ဖေါ်ရမယ့် မစ်ရှင် တခုအနေနဲ့ ချမှတ် ဆောင်ရွက်သင့်ပါတယ်။" လို့ ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များကလပ်မှာ ပြောသွားတာပါ။ ထိုင်းဘဏ်တွေကနေ မြန်မာစစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးမှာ ပါဝင်ပတ်သက်နေတဲ့ အခြေအနေကို ထိုင်းလွှတ်တော်က ဘယ်လို တားဆီးနိုင်မလဲ ဆိုတဲ့ အကြောင်း ဆွေးနွေးပွဲကို Rangsiman Rome တက်ရောက် ဆွေးနွေးပြီးနောက် ဗွီအိုအေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သူဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ထိုင်းလွှတ်တော်ကော်မတီအနေနဲ့လည်း မြန်မာစစ်ကောင်စီကနေ လက်နက်တွေ ဝယ်ယူရာမှာ လွယ်ကူ ချောမွေ့စေဖို့ ထိုင်းဘဏ်တွေ၊ ကုမ္ပဏီတွေ အနေနဲ့ ပါဝင်နေခြင်းရှိမရှိ စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒါအပြင် ဒီကိစ္စနဲ့ ပတ်သက်လို့ အစီရင်ခံစာ ရေးသားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းလွှတ်တော်ကို လာပြီး ကြားနာစစ်ဆေးခံဖို့ Rangsiman Rome စီစဉ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအပြီးတွေ့ရတဲ့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat နဲ့ မြန်မာကုလအထူးကိုယ်စားလှယ် Tom Andrews (ဇူလိုင် ၁၁၊ ၂၀၂၄)

ဒါအပြင် ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းနဲ့ ထိုင်းဘဏ်တွေနဲ့ နောက်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမယ့်ကိစ္စကို အပြုသဘောဆောင်တဲ့ ကိစ္စရပ်အဖြစ် သူ့အနေနဲ့ ကြိုဆိုပေမဲ့ ထိုင်းအစိုးရဘက်က ဘယ်လိုရှင်းလင်းတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်သွားဖို့ရှိတယ်လို့ FCCT ဆွေးနွေးပွဲအတွင်း Ransiman က ပြောသွားပါတယ်။

Rangsiman Rome ကိုယ်တိုင်လည်း ထိုင်းအမျိုးသား လုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေထဲမှာ နယ်စပ်လုံခြုံရေး နဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာပါ။

Move Forward ပါတီဟာ ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ တော်ဝင်မိသားစုကို ဝေဖန်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေး အယူနိုင်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တာကြောင့် ပါတီကို ဖျက်သိမ်းဖို့ ရွေးကောက်ပွဲ ကော်မရှင်က အဆိုပြုခဲ့သလို၊ ဒါနဲ့ပတ်သက်ပြီး ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံး က လာမယ့် သြဂုတ်လ (၇) ရက်နေ့မှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီရေးကို ဆက်ကူညီသွားမယ်လို့ Move Forward ပါတီ ပြောကြား