မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ လက်တွဲပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေမှာ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်ပိုမြှင့်ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။ မြန်မာပြည်သူလူထုရဲ့လိုအပ်ချက်တွေကို အစိုးရ-နိုင်ငံတကာအသိုင်းဝိုင်းနဲ့ အကူညီပေးရေးအဖွဲ့တွေဘက်က ဖြည့်ဆည်း ကာကွယ်စောင့်ရှောက်ပေးပါ - လူသားချင်းစာနာမှု ကူညီပေးရေးလုပ်ငန်းတွေ အားကောင်းအောင် ဆောင်ရွက်ပေးကြပါလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်က သူ့ရဲ့ ခြောက်ရက်တာမြန်မာခရီးစဉ်အပြီး ဒီကနေ့ တိုက်တွန်းပြောဆိုချက်အပေါ် အခုလိုတုန့်ပြန်ပြောဆိုလိုက်တာပါ။ ကုလအနေနဲ့လည်း လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေကို ဒီ့ထက် ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်စေချင်ပါတယ်လို့လည်း စစ်ပြေးဒုက္ခသည်ကူညီပေးနေသူတွေက တိုက်တွန်းပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။
လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ရက်နေ့ကစပြီး ဒီကနေ့ဧပြီလ ၈ရက်နေ့အထိ သူရဲ့ မြန်မာပြည်ခြောက်ရက်တာခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေကို သွားရောက်ခဲ့ပြီးတော့- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အစိုးရတာဝန်ရှိသူတွေ၊ နောက်ပြီးတော့ ဒုက္ခသည်တွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေပေးနေတဲ့အဖွဲ့တွေအပါအဝင် ဒုက္ခသည်တွေ ဒေသခံတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်အပြီး ဒီကနေ့ ဧပြီလ ၈ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ ဘေးဒုက္ခကြုံနေရသူ- လူသားချင်းစာနာမှုအကူညီတွေ အရေးပေါ်လိုအပ်နေတဲ့သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေနဲ့အညီ လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုနဲ့ အကူညီတွေ ရရှိရမယ်ဆိုပြီး လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerက ကြေညာချက်ထုတ်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာပြည်သူရဲ့ လိုအပ်ချက်တွေကို အစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများ အားကောင်းစေဖို့ ပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားခဲ့တာပါ။
မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့မှ အရှိန်အဟုန်မြင့်ဆောင်ရွက်သွားဖို့ စီမံကိန်းတွေ၊ စီမံချက်တွေနဲ့ စနစ်တကျဆောင်ရွက်သွားဖို့အစီစဉ်တွေ ရှိပါတယ်လို့ လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ခရီးစဉ်အတွင်း ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။
"ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်မှုတွေကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့ ကျနော်တို့ ပတ်သက်တာရော၊ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာရော ဆောင်ရွက်တာတွေရော ကျန်တဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာရော ကျနော်တို့ MOU နဲ့ထိုးပြီးတော့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အဓိကတော့ ပြည်သူ့ဆီကို ဦးတည်တာပေါ့နော်။ သူတို့လည်း ပြည်သူတွေကို ကူညီမယ်ဆိုရင် ပြည်သူအကျိုးရှိမယ့်ကိစ္စတွေကိုလည်း တိတိကျကျနဲ့ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် သူလာသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ကျနော်လည်းပြောပြတယ်။ ကျနော်တို့ လက်ရှိအခြေအနေတွေကိုလည်း ပြောပြတယ် ။ ပြောပြတဲ့အခါကျတော့ သူတို့ ပူးပေါင်းဆောင်ရွက်ပါမယ် ကူညီပါမယ်လို့ပဲ ပြောသွားပါတယ်။"
မစ္စ Mueller အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း ကွင်းဆင်းလေ့လာကြည့်ရှု့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ရင်းပြန်လာမယ့် ဒုက္ခသည်တွေအတွက် အစိုးရဘက်က ကြိုတင်ပြင်ဆင်မှုတွေ၊ မုတ်သုံရာသီ ကြုံလာရနိုင်တဲ့အခက်အခဲတွေနဲ့ လူသားချင်းစာနာမှု အကူညီ အရေးပေါ် လိုအပ်မှုတွေနဲ့ အတွက် ပတ်သက်ပြီး ကုလအနေနဲ့ ပိုပြီးတော့မှ လက်တွဲပူးပေါင်းမှုတွေ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
" ပြင်ဆင်မှုတွေတွေ့တယ် ဒါပေမယ့် တကယ့်အခက်အခဲဆိုတာလည်း Ursula ကသဘောပေါက်သွားမယ်ဆိုရင်တော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းလာမယ်လို့ ယူဆတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီလိုအဆင်သင့်ဖြစ်တဲ့အကြောင်းတွေရှိတယ် ။ ပြီးတော့ ပြင်ဆင်ထားမှုတွေလည်း အတိအကျ ကျနော်တို့ လုပ်ထားပြီးပြီ စာချုပ်တွေလည်းရှိတယ် သဘောတူညီချက်တွေလည်းရှိတယ်။ ဒါပေမယ့် ဘာလို့မစနိုင်သေးသလဲပေါ့နော် ဒီအပေါ်မှာလည်း ထဲထဲဝင်ဝင် သူတို့ သိပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်မယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ဟိုဘက်မှာလည်းတော်တော်ဒုက္ခရောက်တယ် မိုးရွာရင် မုန်တိုင်းကျရင် ဘာဖြစ်မယ် ဒါတွေကိုလည်း ကျနော်တို့သိတယ်။ ကျနော်တို့ကလည်း လက်ခံဖို့က အဆင်သင့်ဖြစ်နေပြီဆိုတော့ စတဲ့နေရာမှာ မြန်မြန်စဖြစ်အောင်လို့ အားလုံးဝိုင်းကူညီရင်ကောင်းမယ်လို့ ကျနော့်အနေနဲ့ယူဆတာပေါ့နော်။"
လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerက ရခိုင်ပြည်နယ်တွင်းမှာပဲ ဆက်လက်နေထိုင်နေတဲ့ မူဆလင် ၄သိန်းရဲ့အခက်အခဲတွေကိုလည်း မေ့မထားသင့်ပဲ ကျမ်းမာရေးစောင့်ရှောက်မှုတွေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ ပညာရေးအပါအဝင် လူသားချင်းစာနာမှုအကူညီတွေပေးဖို့နဲ့ တိုင်းရင်းသားရခိုင်လူမျိုးတွေ၊ လူနည်းစုတွေနဲ့ နွမ်းပါးသူတွေရဲ့ လိုအပ်ချက်တွေကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေအတိုင်း ဘက်လိုက်မှုမရှိပဲ မျှမျျှတတ အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွက်တင်မကပဲ အထူးသဖြင့်ကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွင်း လူသားချင်းစာနာမှု အကူညီပေးရေး သွားလာခွင့်တွေ သိသာထင်ရှားစွာဆုတ်ယုတ်သွားခဲ့ပြီး ဒီလူသားချင်းစာနာမှုဆိုင်ရာအသက်ကယ်ဆယ်ရေးအကူညီတွေ ဖြတ်တောက်လိုက်မယ်ဆိုရင် ဒုက္ခသည်တွေ ပိုပြီးတော့ ဒုက္ခဖြစ်ကုန်ကြတော့မှာလည်း စိုးရိမ်မကင်းထည့်သွင်းပြောကြားထားပါတယ်။ ဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ လိုအပ်သူတွေလက်ထဲရောက်နိုင်ဖို့ သွားခွင့်ပေးဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။
ကချင်စစ်ရေးဟာ ကမ္ဘာ့အရှည်ကြာဆုံးအမေ့လျော့ခံပဋိပက္ခတခုအဖြစ် လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerက ပြောကြားခဲ့တဲ့အပေါ် စစ်ပြေးဒုက္ခသည်တွေကိုကူညီပေးနေတဲ့ ထွယ်ဂျန်ဒါနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ကချင်အမျိုးသမီးရေးလှုပ်ရှားသူ ဒေါ်နန်ပူက ကုလအနေနဲ့လည်း ဒီ့ထက်ပိုပြီးတော့မှ ထိရောက်တဲ့အကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
"ပြောမယ်ဆိုရင်တော့ ကျမတို့ကချင်ပြည်နယ်က အမေ့လျော့ခံ ဖြစ်နေတယ်ပေါ့။ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ ကိုထောက်ပံ့ဖို့ရာအတွက် အများကြီးလိုအပ်နေသေးတယ်ဆိုတာကို ကျမဖော်ပြချင်ပါတယ်။ကုလထောက်ပံ့မှုတွေက ဆက်ပြီလျော့လာတဲ့အခါကျတော့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ပံ့မှုတွေက ပိုပြီးတော့ လိုနေတယ်ဆိုတာကို ပြောချင်တယ်ပေါ့နော်။ ကုလထောက်ပံ့မှုတွေကပို့ပါတယ် ဒါပေမယ့် ရာခိုင်နှုန်းအကုန်မရောက်ဘူးပေါ့နော် အဲလိုမဖြစ်အောင် တကယ်ပဲ ထောက်ပံ့မှုတွေက တကယ့်မြေပြင်မှာ ဒုက္ခရောက်နေတဲ့ သူတွေကို အရောက်ပို့နိုင်ဖို့အတွက် ရာနှုန်းပြည့်နိုင်ဖို့ရာအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ UN ရဲ့ Admin cost တွေမှာပဲ အများကြီးသုံးပြီးတော့ တကယ်တန်းပေးတာက ရာခိုင်နှုန်းအရမ်းနည်းနေတဲ့အခြေအနေတွေကို တွေ့ရတယ်ပေါေ့နာ် အဲဒါကြောင့် ကုလသမဂ္ဂထောက်ပံ့မှုတွေက တကယ့်လိုအပ်တဲ့နေရာကို အရောက်ပို့ပေးဖို့ရန်အတွက် လိုအပ်ပါတယ်။"
လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerက သူ့ရဲ့ခရီးစဉ်အပြီးထုတ်ပြန်ချက်မှာတော့ ကုလအနေနဲ့ မြန်မာနိုင်ငံတွင်းက ပဋိပက္ခများ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာကြိုးပမ်းမှုများ ပိုမိုအားကောင်းစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကုလသမဂ္ဂအနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပံ့ပိုးဆောင်ရွက်သွားမယ်ဆိုတာ ပြောဆိုသွားသလို ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံကိန်းအတွက် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ လူဦးရေ ၈၃၂,ဝဝဝ တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈၃ သန်းကို တောင်းခံထားတယ်- မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေတွေ အပူတပြင်းလိုအပ်နေတယ်ဆိုတာကိုလည်း သူ့ကြေညာချက်ထဲထည့်သွင်းဖော်ပြထားပါတယ်။
Your browser doesn’t support HTML5