[Zawgyi/Unicode]
မြန်မာနိုင်ငံမှာ လာမယ့်နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မလေးရှားနိုင်ငံ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ရေး ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ စပေးနေကြသလို မလေးရှားနိုင်ငံမှာတော့ ရှေ့သီတင်းပတ်ကစ မဲပေးနိုင်ဖို့ မြန်မာသံရုံးက စီစဉ်နေပါတယ်။ ရှေ့တပတ် သောကြာနေ့ ကြိုတင်မဲပေးမယ့် မြန်မာနိုင်ငံသား ၆,၀၀၀ ကျော်မယ်လို့ ခန့်မှန်းထားကြောင်းလည်း မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်း ကပြောပါတယ်။
"ကျနော်တို့ ၉ ရက်နေ့ ကြိုတင်မဲဆန္ဒပေးပွဲ ကျင်းပမှာပေါ့နော်။ ၉ ရက်ရယ်၊ ၁၀ ရယ်၊ ၁၁ရက်၊ ၃ ရက် ကျင်းပပါမယ်။ မြန်မာသံရုံးမှာပဲ။ မဲပေးမှာက ၆,၄၅၀ လောက်ရှိတယ်။"
လာမယ့် သောကြာနေ့ကစ ၃ ရက်ကြာ ကြိုတင်မဲပေးရာမှာ မဲပေးခွင့်ရှိသူ ၆,၀၀၀ ကျော် ရှိနေတာကြောင့် အခက်အခဲ ကြုံရမှာကို စိုးရိမ်သူတွေလည်း ရှိနေပါတယ်။ အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကတော့ တရက်ကို ၂,၀၀၀ လောက် မဲပေးနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
"၆,၀၀၀ ကျော်ကတော့ ၃ ရက်နဲ့ဆိုတော့ သံရုံးရဲ့ အစီအစဉ်အရ တရက်ကို ၂,၀၀၀ ပေါ့နော် မနက် ၁,၀၀၀၊ ညနေ ၁,၀၀၀ ပေါ့။ အချိန်ဇယားတော့ ဆွဲထားတယ်။ ဒါပေမဲ့လာရင်လာသလောက်တော့ လက်ခံစီစဉ်ပေးမှာပေါ့နော်။"
SEE ALSO: ပြည်ပကြိုတင်မဲ စင်္ကာပူမှာအဆင်ပြေ၊ ထိုင်းမှာ အခက်ကြုံမလေးရှားနိုင်ငံအနှံ့က မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ကြိုတင်မဲပေးနိုင်ဖို့ ပရဟိတ အဖွဲ့တွေ အကူအညီနဲ့ စီစဉ်ထားပေမဲ့ လုပ်ငန်းရှင်တွေက ခွင့်ပြု၊ မပြုဆိုတာကတော့ တိတိကျကျ မသိရပါဘူး။ မြန်မာသံရုံးကတော့ တချို့စက်ရုံတွေကို တရားဝင် အကြောင်းကြားဖိ့ု စီစဉ်ထားတယ်လို့ အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။
"ကျနော်တို့က သက်ဆိုင်ရာပရဟိတအဖွဲတွေနဲ့ ချိတ်ဆက်ပြီး စက်ရုံတွေကို အကြောင်းကြားစာတွေကို ပို့ဖို့ စီစဉ်နေတယ်။ ဒါပေမဲ့ အတင်းအကြပ်ဆိုတာမျိုးတော့ မရဘူး။ သူ့နိုင်ငံနဲ့ သူတို့ဆိုတော့ ဒါပေမဲ့ ကျနော်တို့က သူတို့ဆီက အလုပ်သမားတွေ စေလွှတ်ဖို့ မေတ္တာရပ်ခံတဲ့စာတွေ ပို့ပေးမယ်။ ပရိဟိတအဖွဲ့တွေကလည်း ပို့တာကြိုတာမျိုးတွေ လုပ်ပေးမယ်ပြောပါတယ်။"
စင်္ကာပူမှာ ကြာသပတေးနေ့စပြီး ကြိုတင်မဲပေးနေကြသလို တောင်ကိုရီးယားနိုင်ငံမှာတော့ သောကြာနေ့ ကြိုတင်မဲတွေ ပေးနေကြပါပြီ။ စင်္ကာပူမှာတော့ ဒီလ အောက်တိုဘာ ၁၈ ရက်နေ့အထိ ကြိုတင်မဲပေးခွင့်ပြုထားပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ ၁၂ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား အများစုရှိရာ ထိုင်းနိုင်ငံမှာတော့ စနေနေ့ကစ ဘန်ကောက်မြို့တော်က မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးတွေမှာ ကြိုတင်မဲပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကူးစက်မှုတွေကြောင့် ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် မဲပေးသူ အရေအတွက် နည်းပါးနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
Your browser doesn’t support HTML5
[Unicode Version]