သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်မဲဆွယ်လှုပ်ရှားမှု ကပ်ရောဂါကူးစက်လာမှာ စိုးရိမ်


၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက မဲရုံတခုမှာ မဲများပြင်ဆင်နေတဲ့ အမျိုးသမီးနှစ်ဦးကို ရန်ကုန်မြို့ရှိ မန္တလေးမြို့မှာ တွေ့ရ။ (နိုဝင်ဘာ ၀၇၊ ၂၀၁၅)
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက မဲရုံတခုမှာ မဲများပြင်ဆင်နေတဲ့ အမျိုးသမီးနှစ်ဦးကို ရန်ကုန်မြို့ရှိ မန္တလေးမြို့မှာ တွေ့ရ။ (နိုဝင်ဘာ ၀၇၊ ၂၀၁၅)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ မရှိသေးတဲ့ ကယားပြည်နယ်မှာ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် လူပေါင်းရာချီ ပါဝင်ပြီး မဲဆွယ်စည်းရုံးနေတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ တိုးလာနေပေမဲ့လည်း ကယားပြည်နယ်မှာတော့ အတည်ပြုလူနာ မတွေ့သေးတာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကိုလည်း ပုံမှန်အတိုင်း လုပ်နေကြတာပါ။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေဟာလည်း လူပေါင်းရာချီ စုရုံးပြီး မဲဆွယ်စည်းရုံးနေကြပါတယ်။

ဒါပေမဲ့လည်း မဲဆွယ်စည်းရုံးတဲ့ လုပ်ငန်းတွေမှာ ပြည်နယ်ထဲကသာမက ပြင်ပက လူတွေပါ ပါဝင်လာတာကြောင့် ရောဂါကူးစက်မှာ စိုးရိမ်နေကြောင်း လွိုင်ကော်မြို့အခြေစိုက် ကရင်နီအမျိုးသမီးအဖွဲ့က မမော်ဖရေးမြာက VOA ကို အခုလို ပြောပါတယ်။

“တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ်ထဲက လူတွေပဲ ပါတဲ့အတွက်ကြောင့် ဒီစိုးရိမ်စရာတော့ မရှိပေမဲ့ NLD အနိုင်ရပါတီအနေနဲ့ ဟာကျတော့ ကျမတို့ ပြည်နယ်မှာ စည်းရုံးရေးသွားတဲ့အခါကျရင် ဟိုး ဖယ်ခုံက လူကို ခေါ်လာတာမျိုး။ မဟုတ်ရင် တခြားပြည်နယ်ကလူ ပါလာတာမျိုး အဲလိုဟာမျိုးတွေခါကျတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့။ ဒါက ပြည်နယ်ကလူမဟုတ်ဘဲနဲ့ အပြင်ကလူ ဝင်ခေါ်လာတဲ့အခါကျတော့၊ စစ်ဆေးမှုတွေ သေချာမလုပ်တဲ့အပေါ်မှာက ဟို ကျမတို့ နေတဲ့အပိုင်းမှာ အရမ်းစိုးရိမ်တာလည်း ရှိတယ်ပေါ့နော်။”

ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားကလည်း မဲဆွယ်စည်းရုံးတဲ့ အစီအစဉ်တွေမှာ ပြည်နယ်ပြင်ပက လူတွေပါ ပါဝင်နေတဲ့အတွက် ရောဂါကူးစက်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဒီအခုက ၂၅ ရက်နေ့မှာ လွိုင်ကော်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းက လူ တော်တော်များများ ခေါ်လာတာရှိတယ်။ နောက်ပြီးတော့မှ ရှားတောကိုလည်း မနေ့က မနေ့က တစ်နေ့ သူတို့ ဆက်သွားတယ်။ ဓါတ်ပုံတွေ ပြန်ကြည့်လိုက်တော့ ရှမ်းပြည်တောင်ပိုင်းက လူတော်တော်များများပါတယ်။ လွိုင်ကော်မှာလည်း ကျနော်တို့ ကြည့်သလောက်ကလည်း လွိုင်ကော်ပြင်ပကလူပိုများပါတယ်။ ကျနော်တို့က ပိုစိုးရိမ်တာက ပြည်နယ်ပြင်ပကနေ လာပြီးတော့မှ မဲဆွယ်ကူတဲ့လူကို ပိုပြီးတော့မှ စိုးရိမ်တာဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကယားပြည်နယ်ဥက္ကဋ္ဌ ဦးသောင်းဌေးကတော့ မဲဆွယ်စည်းရုံးတဲ့ လုပ်ငန်းတွေမှာ စိုးရိမ်နေကြသလို ပြည်နယ်ပြင်ပကလူတွေ မပါဝင်ကြောင်း အခုလို ပြောပါတယ်။

“ရှမ်းပြည်တောင်ပိုင်းကလူတွေက သူတို့ဟာသူတို့ လှုပ်ရှားလို့ ဒီဘက်ကကို လာဖို့တောင် အချိန်မရှိဘူးဗျ။ ကျနော်တို့ ကယားနဲ့ပဲ လှုပ်ရှားတာပါ။ အဲဒါ ၂၀၁၅တုန်းကတော့ သူတို့ လာကူတယ်လေ။ ၂၀မှာတော့ လာကူတာ တစ်ယောက်မှ မရှိပါဘူး။ ကျနော်တို့ အဖွဲ့တွေချည်းပါပဲ။”

NLD ပါတီအနေနဲ့ လူထုဟောပြောပွဲတွေ မလုပ်ကြောင်းနဲ့ လှည့်လည်ပွဲစည်းရုံးရာမှာ နှာခေါင်းစည်းဝတ်ဆင်ဖို့၊ ကားတစ်စီးကို လူ ၄ယောက်၊ ဆိုင်ကယ်တစ်စင်း လူ၂ယောက်လိုက်ပါဖို့၊ ကားနဲ့ ဆိုင်ကယ်တွေကို ခပ်ခွာခွာ မောင်းနှင်ဖို့၊ COVID 19 ကူးစက်မှုမဖြစ်အောင် စည်းကမ်းတွေ ချမှတ်ပေးထားကြောင်းလည်း ပြောပါတယ်။

ဒီလ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွိုင်ကော်မြို့မှာ မဲဆွယ်စည်းရုံးရာမှာ လူအင်အား ၁၀,၀၀၀ လောက် စုရုံးခဲ့ကြောင်း နဲ့ ၂၆ရက်နေ့က ဒီမောဆိုမြို့နယ်ဘက်မှာ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီနဲ့ ကယန်းအမျိုးသားပါတီ ပူးပေါင်းပြီးမဲဆွယ်စည်းရုံးရာမှာ သွားရောက်သူ၊ ကြိုဆိုသူတွေဟာ ထောင်ဂဏန်းလောက်အထိ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးကတော့ ကူးစက်မှုမြင့်မားနေချိန်မှာ လူစုလူဝေး မလုပ်သင့်ကြောင်း ပြောပါတယ်။

“ဒီကာလမှာတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူစုလူဝေး မလုပ်တာတော့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ အရင်တုန်းက ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီဆိုတဲ့ အခြေအနေမှာ ရှိနေတဲ့ UK နိုင်ငံမှာတောင်မှ ရောဂါပိုးတွေ့ရှိတဲ့သူတွေက ၄,၀၀၀ ကျော်၊ ၅,၀၀၀ ကျော် တစ်နေ့ထဲ ဒါမျိုးတွေ တက်လာတယ်။ သေဆုံးသူကလည်း ပြီးခဲ့တဲ့ WHO report အရ သေဆုံးသူက အမြင့်ဆုံးဖြစ်ပြီးတော့ ၄၀,၀၀၀ ကျော်ဖြစ်တယ်ဆိုပြီးတော့ ဒါမျိုးတွေ ပြောထားတာရှိပါတယ်။ ”

မြန်မာနိုင်ငံမှာတော့ ၂၈ ရက်နေ့ စာရင်းအရ ရောဂါပိုးကူးစက်ခံရသူ ၁၀,၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၂၀ ကျော်သွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG