မြန်မာ့တပ်မတော်နဲ့တအာင်းပလောင်တပ်ဖွဲ့TNLAတို့အကြားဖြစ်ပွါးခဲ့တဲ့စစ်ရေးတင်းမာမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းနမ့်ဆန်မြို့နယ် မန်လန်းကျေးရွာသား(၃၀၀)ခန့်ဟာလားရှိုးရောက်ရှိနေသလို အနီးဝန်းကျင်ရွာနဲ့ နမ္မတူ ကျောက်မဲမြို့နယ်ဘက်မှာ တိမ်းရှောင်နေကြရပါတယ်။ မငြိမ်းချမ်းသေးတဲ့ဒေသတွင်းအခြေအနေတွေကြောင့် နေရပ် ရင်း ကိုပြန်ဖို့မရေရာသေးသလို လက်ရှိဒုက္ခသည်စခန်း မှာအခြေခံလိုအပ်ချက်တွေရှိနေဆဲလို့ အကူညီပေးအဖွဲ့ဝင် တွေက ပြောပါတယ်။ လားရှိုးရောက်စစ်ဘေးရှောင်တွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ အကူညီပေးဆောင်သွားမယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်။ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထား ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့နယ် ၊ နမ့်လင်းကျေးရွာအုပ်စု ၊ မန်လန်းကျေးရွာသား(၃၀၀)ခန့်ဟာ လားရှိုးမြို့ပေါ် ကိုတိမ်းရှောင်ရောက်ရှိနေသလို ဒုက္ခသည်အများစုကပြန့်ကျဲနေတယ်လို့ လားရှိုးမြို့ တအာင်းပလောင်အမျိုးသမီး အဖွဲ့ကတွဲဖက်အတွင်းရေးမှူး(၁) မလွေးပို့ကျိန်းကီက ဗွီအိုအေကိုအခုလိုပြောပါတယ်။
“အခုလားရှိုးမှာရောက်တဲ့ စာရင်းအရဆိုရင် ၃၀၀ ဝန်းကျင်ရှိပြီ။ အခုက ၃၀၀ ဝန်းကျင်က ဘယ်ကျောင်းမှာရှိသလဲဆိုရင် အောင်မင်္ဂလာနမ့်ဆန်ကျောင်း၊ သသနာ့ ၂၅၀၀ ဘုန်ကြီးကျောင်း၊ ထိန်လင်းဘုန်ကြီးကျောင်းတွေမှာသူတို့ အခုလောလောဆယ် တည်းနေတယ်လို့။တချို့ကတော နမ့်ဆန်မြို့ထဲက မြို့မ ကျောင်းတွေမှာ သွားတည်းတဲ့လူလည်းရှိပါတယ်။ ဒါပေမယ့် ကျန်တဲ့နေရာတွေက ရှိနေသေးတယ်။ မန်လန်းရွာမှာ လူဦးရေအရ ၁၀၀၀ ဝန်းကျင်ရှိတဲ့အထဲက လားရှိုးမှာရောက်တာ ၃၀၀ ကျော်၊ နမ့်ဆန်ုမှာရောက်တာ ၃၀-၅၀ ကျန်တဲံလူတွေက ဘယ်နားပြေးသလဲဆိုတာ ဆက်လက်ပြီးတော့ Follow up လုပ်နေတယ် အခုဒီမနက်ကတော့ မန်စံမှာ သွားကြိုဖို့ အယောက် ၈၀ ဝန်းကျင်ရှိတယ်လို့ သိရတယ်။”
စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဇွန်လ (၂၇)ရက်နေ့ ညမှစပြီးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နဲ့၂၃ရက်နေ့တုန်းက နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နဲ့TNLAအဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး မန်လန်းရွာသား(၃၀၀)ခန့်ကို တပ်မတော်ကနေ ရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထား ပြီး TNLAနဲ့ဆက်စပ်မှုရှိမရှိအခြေအနေကို စစ်ဆေးမေးမြန်းပြီးတဲ့နောက်ပိုင်း ရပ်ရွာကနေတိမ်းရှောင်လာခဲ့ကြတာပါ။
မန်လန်းရွာသားတွေဟာ လားရှိုးမြို့တွင်သာမက နမ့်ဆန် ကျောက်မဲ နမ္မတူမြို့နယ်ဘက် တွေမှာပါတိမ်းရှောင်နေကြ ရပါတယ်။
နမ္မတူမြို့နယ်မန်စံရွာထဲမှာလဲ စစ်ဘေးရှောင်တွေရောက်ရှိနေတယ် လို့ နမ္မတူမြို့နယ်မန်စံရွာသား စိုင်းလိန်ခမ်း ကပြော ပါတယ်။
“အခုက အသိအိမ်မှာပဲ ခဏ တထောက်လေးနားပြီးမှ ခရီးဆက်တယ်။ ကျနော်တို့ အချိန်မှီလေးစောင့်ကြည့်ပြီးတဲ့အနေနဲ့အသိအိမ်မှာပဲ ခိုကပ်ပြီးတော့ တည်းနေတဲ့ သဘောရှိတယ်ခင်ဗျ။”
လက်ရှိစစ်ဘေးရှောင်တွေဟာ လာရှိုးမြို့ပေါ်ကဘုန်ကြီးကျောင်း(၃)ကျောင်းမှာခိုလှုံနေကြပြီး အခြေခံစားသောက်နေ ထိုင်ရေးလိုအပ်ချက်တွေရှိနေဆဲလို့ မလွေးပို့ကျိန်းကီကပြောပါတယ်။
“လိုအပ်ချက်တွေရှိနေသေးတယ်ပေါ့ ဥပမာ ကလေးတွေပါလာခဲ့တဲ့အခါကျတော့ ကလေးကျန်းမာရေး၊ ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်တာတို့၊ တချို့ ခြင်ထောင်တွေ လာလှူတဲ့အဖွဲ့တွေရှိတယ်။ မလုံလောက်သေးဘူး၊ ပြီးရင် ပြေးလာတဲ့အခါဆိုတော့ ကလေး အဝတ်အစားတွေလည်း မပါလာတဲ့လူတွေရှိတယ်။ ဒီတပတ်အတွင်းတော့ ဆန်တို့လာလှူတာတွေရှိတယ်။ ဒီတပတ်အတွင်းတော့ လုံလောက်တာပေါ့နော်။”
ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေအထဲမှာ ကျောင်းနေအရွယ်ကလေးတွေလဲပါဝင်နေပါတယ်။ ဒီကျောင်းသားတွေ ပညာဆက်လက်သင်ယူရေး နဲ့ပက်သက်ပြီး မလွေးပို့ကျိန်းကီ ကအခုလိုပြောပါတယ်။
“ကျောင်းနေကလေးတွေလည်း ရှိတယ်။ ဒါပေမယ့် လောလောဆယ် ဘယ်လိုလုပ်ရမလဲ မသိသေးဘူးပေါ့နော်။ သူတို့ဒေသကိုလည်း ပြန်သွားဖို့အခြေအနေကတော့ မရှိသေးဘူးပေါ့နော် ၊ အခြေအနေက မငြိမ်သေးတဲ့ပိုင်းတွေရှိတယ်။ လောလောဆယ် ကျောင်းနေကလေးတွေကိုစုရမှာ၊ ကျမတို့က ၃ နေရာခွဲထားတော့ စာရင်းအတိအကျမရပေမယ့်လည်း ကျမတို့ တာဝန်ယူထားတဲ့ နေရာမှာက ကျောင်းတတ်မယ့်ကလေးက ၂၃ ဦးတော့ရှိတယ်ပေါ့နော်။”
စခန်း(၃)ခုကကျောင်းနေအရွယ်ကလေးစာရင်းကိုလိုက်လံစုဆောင်းနေဆဲဖြစ်ပြီး ကလေးတွေရဲ့ပညာရေးအတွက် လတ်တလောမဆောင်ရွက်နိုင်သေးဘူးလို့သူကဆိုပါတယ်။
ဒီစစ်ဘေးရှောင်တွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ နေထိုင်စား သောက်ရေးအ၀၀မှာကူညီဆောင်ရွက်သွားမယ်လို့ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကအခုလိုပြောပါတယ်။
“များသောအားဖြင့် လားရှိုးကိုရောက်လာတယ်ဆိုတော့ ကျနော့်ဆီမှာတော့ လောလောဆယ်တော့ သတင်းတော့မရသေးဘူးလေ။ ကျနော်က ခရီးသွားနေတော့ အခုမှ အစည်းအဝေးတခုက လည်းပြန်လာတာဆိုတော့လေ။ ဒီလားရှိုးကိုရောက်လာတယ်ဆိုတော့ ဘယ်လိုပဲရောက်ရောက်ပါ ကျနော်တို့ဆီကတော့ အဲဒီမှာ ခရိုင်ရုံးလည်းရှိတယ်လေ။ ကျနော်တို့အမြဲတမ်းပဲ နေရေး၊စားရေး၊ သွားရေး၊ လာရေး၊ ထောက်ပံ့နေတာဖြစ်တဲ့အတွက် ကျနေ်ာတို့ဆီမှာ ဘတ်ဂျက်လည်း ရှိတဲ့အတွက် အဆင်ပြေပါတယ်။ ကျနော်တို့ စောင့်ရှောက်မှုတွေ ကျွေးမွေးမှုတွေ ဒါတွေအားလုံးကို ဆက်ပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။”
နမ်ဆန်မြို့နယ်အတွင်း တပ်မတော်နဲ့TNLAအဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် ဒေသခံ ရွာသားတွေစစ်ဘေးတိမ်းရှောင်နေရသလို လက်ဖက်ခြံလုပ်ငန်းတွေထိခိုက်မှုရှိနေတယ်လို့ ဒေသခံရွာသားတဦး ကဆိုပါတယ်။
“ကျနော်တို့က လက်ဖက်တမျိုးပဲ လုပ်တဲ့နေရာမှာတွေ ဒီနောက်ပိုင် း၇-၈ ရက်လောက်မှ ခူးလို့မရရင်လည်း ရင့်မှာပဲလေ။”
ဒီရက်ပိုင်းအတွင်းနမ့်ဆန်မြို့နယ်ထဲမှာတိုက်ပွဲရပ်တန့်နေပေမဲ့ လုံခြုံမှုမရှိတဲ့အခြေအနေကြောင့် နေရပ်ရင်း ကိုပြန်ဖို့မဖြစ်နိုင်သေးဘူးလို့အဆိုပါဒေသခံမန်လန်းရွာသားကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးပဋိပ က္ခဖြစ်ပွါးခဲ့ရာမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေသလို လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူး လွန်မှုရှိနေတယ်လို့ တအာင်းလူထုအခြေပြုအဖွဲ့တွေကနေ ဇွန်လ(၂၇)ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့TNLAတို့အကြားစစ်ရေးတင်းမာနေမှု TNLAနဲ့တောင်ပိုင်းရှမ်း ပြည်တပ်မတော်RCSS/SSAတို့အကြားစစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံရွာသား(၂၀၀၀)ကျော် စစ်ပြေးဒုက္ခသည် အဖြစ် နေရပ်ကနေတိမ်းရှောင်နေကြရပါတယ်။
Your browser doesn’t support HTML5