ရာသီပေါ်သီးနှံတွေ ထိုင်းနဲ့တရုတ်တင်ပို့ရေး အခက်ကြုံ

စိန်တလုံးသရက် ရာသီပေါ်သီးနှံများ( စိန်ဒိုင်းမွန်း-ပွဲရုံ)

တချိန်က တရုတ်နဲ့ထိုင်းကိုတင်ပို့နေရတဲ့ ရာသီပေါ်သီးနှံတွေကို လုံခြုံရေးနဲ့လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ပြည်တွင်းစျေးကွက်ရှာပြီး ရောင်းချနေရကြောင်း သီးနှံစိုက်ပျိုး ထုတ်လုပ်သူတွေ က ပြောပါတယ်။ အခုနှစ်မှာ ရာသီဥတုကြောင့်လည်း သီးနှံတွေ ပျက်စီးနေပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ပပို့သီးနှံတွေ စပြီးပေါ်လာပြီဖြစ်ပေမဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် တောင်သူတွေ၊ ကုန်သည်တွေက ပြည်တွင်းစျေးကွက်ကိုပဲ အဓိက အားထားလာ ပါတယ်။ တနှစ်ကို အမေရိကန်ဒေါ်လာ သန်းချီဝင်ငွေရနေတဲ့ တရုတ်နဲ့ ထိုင်းစျေးကွက်ကို လက်လွှတ်ထားလိုက်ရတာပါ။

တချို့ကလည်း တာချီလိတ်နယ်စပ်ကနေ ထိုင်းကို ထောပတ်သီးပို့နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက တောင်သူတွေကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့် အခုနှစ်မှာ ပြည်တွင်းစျေး ကွက်ကိုပဲ ဦးတည်ရောင်းချနေကြောင်း ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့က ထောပတ်စိုက်ခင်း ပိုင်ရှင်တဦးက ပြောပါတယ်။

"ပြည်ပတော့ ပို့နေကြတယ်။ တာချီလိတ်ကနေတဆင့်ပေါ့နော်။ ပြီးတော့ ဗီယက်နမ်ဘက်တွေ သွားတယ်။ တချို့နယ်တွေက ရေကြီးသွားတဲ့အခါ လမ်းတွေပိတ်ဆို့သွားတော့ အသီးခူးလို့မရဘူး၊ သွားတင်လို့မရဘူး။ တချို့ခြံတွေက မရဘူးပေါ့။ အခုရာသီက အရမ်းပေါပြီးတော့ အခူးများတယ်၊ သီတင်းကျွတ် အချိန်အခါဖြစ်တဲ့အခါကျတော့လေ။ ပြည်တွင်းကြတော့ အမြတ်နည်းတာပေါ့။ စျေးက ပြည်ပပို့တဲ့အခါကြတော့ အရင်တုန်းက စျေးအရမ်းကောင်းတယ်။ အခု ပြည်တွင်းက ကုန်တွေအများကြီး ဖြုန်းပေးနိုင်တာလည်း ဖြစ်လာတယ်ပေါ့ ဒီနှစ်ကလေ။"

ရှမ်းတောင်ပိုင်းမှာ အခုနှစ် သရက်သီး အထွက်ကောင်းပေမဲ့ မိုးကောင်းခဲ့လို့ အရည်အသွေးကို ထိခိုက် ခဲ့ပါတယ်။ ဒီသရက်သီးတွေကို ရှမ်းအရှေ့ပိုင်း ကျိုင်းတုံကဆင့် တရုတ်နယ်စပ် မိုင်းလားကို သယ်ယူဖို့ ဆိုရင် လမ်းမကောင်းလို့ ၄ ရက်လောက် ကြာနိုင်ပါတယ်။ ဖရဲသီးကိုလည်း မိုင်းလားနယ်စပ် ဂိတ်ကနေ တရုတ်ကိုပို့ပါတယ်။ ဒါပေမဲ့ လမ်းကြမ်းလို့ တရက်ကို ကားအစီး ၅၀ လောက်ပဲ သွားနိုင်ကြောင်း၊ ကုန်ကျစရိတ်များကြောင်း သစ်သီးဝလံ၊ စိုက်ပျိုး ထုတ်လုပ်၊ ရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

သရက်သီးကို မိုးရွာလို့ အလုံပိတ်မိုးကာနဲ့ သယ်မယ်ဆိုရင်တော့ အပျက်အစီး အဆုံးအရှုံးများတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြည်တွင်းမှာတော့ စျေးရတာနည်းတယ်လို့လည်း စိန်တလုံးရောင်းချတဲ့ ကုန်စည်ဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

"ဒီတနှစ်တော့ ပုပ်ပြီး မကိုက်ဘူး၊ ရောင်းရတာက။ ဥပမာ ခြင်းတခြင်းမှ (ကျပ်) ၃သောင်း၊ အလုံးရေက ၄၀ ဝန်းကျင်ပေါ့၊ ၃၅၊ ၄၀။ နောက်ပိုင်းဆိုရင် ၂၀,၀၀၀ အဲလောက်ပဲရတော့တာ။ တခါတလေ တသောင်း၊ တသောင်းခွဲနဲ့တောင်ဖြတ်တာ အဲလိုရှိသေးတယ်။ တန်ဆာခတွေ စျေးကြီးတာနဲ့ ကြာတာနဲ့ဆိုတော့လေ၊ တန်ဆာခက ပိဿာနဲ့ယူတာလေ။ အခုလောလောဆယ် ပို့နေတာဆို (တပိဿာ) ၃ထောင် (ကျပ်) ကျတယ် ကားခက။"

အခုလကစပြီး ဖရဲ၊ သရက်၊ သခွား၊ ပင်မှည့်၊ လိမ္မော်၊ ထောပတ် ဒီလို ရာသီပေါ်သီးနှံတွေကို ပြည်ပတင် ပို့လေ့ ရှိပါတယ်။ ကချင် ကံပိုင်တည်ကနေ တရုတ်ကို ကုန်ကားတွေသွားနေပေမဲ့ ငှက်ပျောကိုပဲ အဓိက တင်နေကြတာပါ။ ပဋိပက္ခတွေကြောင့် မူဆယ်ကုန်သွယ်ရေး ရပ်ထားရတာက သီးနှံစိုက်ပျိုး ထုတ်လုပ်သူတွေအတွက် ဆုံးရှုံးမှုတွေရှိတယ်လို့ တောင်သူတွေက ပြောပြခဲ့တာပါ။

Your browser doesn’t support HTML5

ရာသီပေါ်သီးနှံတွေ ထိုင်းနဲ့တရုတ်တင်ပို့ရေး အခက်ကြုံ