(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်က အသက် (၅၉)နှစ်အရွယ် မြန်မာ အမေရိကန် အမျိုးသမီး တဦး COVID-19 ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ကိစ္စမှာ နောက်ဆုံးဖျားနာတဲ့ အချိန်ထိ အလုပ်လုပ်ခဲ့ရတဲ့ အကြောင်း ကျန်ရစ်သူ ခင်ပွန်းသည် က ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
ကိုလိုရာဒိုပြည်နယ် Greeley က JBS အမဲသားစက်ရုံခွဲမှာ ၁၂ နှစ်ကြာ အလုပ်လုပ်ကိုင်နေတဲ့ နန်စန်းတင် (ခေါ်) ဒေါ်တင်အေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ မေလ (၁၇)ရက်နေ့ ညနေပိုင်းမှာ COVID-19 ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
မတ်လ (၂၉ )ရက်နေ့ ဆေးရုံ မတင်ခင်အချိန်ထိ ဇနီးဖြစ်သူဟာ စက်ရုံက အသားတွေထားတဲ့ အအေးခန်းထဲမှာ အလုပ်လုပ်ကိုင်ခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုးက ဗွီအိုအေကို ပြောပါတယ်။ ဒီမတိုင်ခင် ရက်ပိုင်းတွေက စက်ရုံမှာ စတင်နေထိုင်မကောင်းဖြစ်ချိန် အလုပ်ခွင်ဆေးခန်းကို သွားပြခဲ့ပေမယ့် ရိုးရိုး တုပ်ကွေးဖြစ်တာပဲဆိုပြီး အလုပ်ပြန်လုပ်ခိုင်းခဲ့တယ်လို့ ဦးအောင်ကျော်တိုးက ဆိုပါတယ်။
"သူက အဲယားကွန်း အခန်းမှာ အလုပ်လုပ်ရလို့ အအေးပတ်တယ်ပေါ့။ flu ဖြစ်တယ်ပေါ့။ သူကိုယ်တိုင်လည်း အဲဒီလိုပဲ ထင်တယ်။ ဒါနဲ့ တရက် ချောင်းဆိုးတော့ JBS မှာရှိတဲ့ ဆေးခန်းပေါ့၊ အဲဒီဆေးခန်းကလည်း နေမကောင်း၊ ချောင်းဆိုးတယ်ဆိုလို့ အိမ်ပြန်ချင်တယ်လို့ Supervisor ကိုပြောရင် အဲဒီကို ပို့တာ။ အဲဒီက ရိုးရိုး flu ဖြစ်တယ်ဆိုပြီး ပြန်အလုပ်လုပ်ခိုင်းတယ်။"
ဒေါ်တင်အေးဟာ ကိုယ်တွေလက်တွေ ကိုက်ခဲနေပေမယ့် သူတို့နေထိုင်တဲ့ Aurora မြို့နဲ့ မိုင်ပေါင်း ၆၀ ကျော်ကွာမှာရှိတဲ့ အမဲသားစက်ရုံကို နေ့စဉ် ကားကြုံနဲ့ သွားပြီး အလုပ်လုပ်ခဲ့ပြီးနောက် မတ်လ ၂၉ရက်နေ့ (တနင်္ဂနွေ) မတိုင်ခင် ကျန်းမာရေးအခြေအနေ ဆိုးရွားလာပုံကို ဦးအောင်ကျော်တိုးက အခုလို ပြောပြပါတယ်။
" သူ့ကို ဆေးရုံတင်တဲ့ အဆင့်မရောက်ခင်မှာ ဘယ်လိုဖြစ်လဲဆိုတော့ ကြာသာပတေးနေ့ ည အလုပ်လုပ်တဲ့အချိန်မှာ သူ့ရဲ့ယူနီဖောင်းက အရမ်းစိုရွှဲနေတယ်။ အဲဒီစိုရွှဲနေတာနဲ့ အလုပ်လုပ်ရတော့ အဲယားကွန်နေရှင်းအခန်း၊ နဂိုကတည်းကလည်း သူ့မှာ ချောင်းဆိုးတယ်၊ အဲတော့ ယူနီဖောင်း အသစ်လဲပေးဖို့ Supervisor ကို သူကပြောတယ်။ သူတို့လက်မခံဘူး။ ဆက်လုပ်ခိုင်းတယ်။ အိမ်ရောက်တော့ သူကပြောတယ်။ ယောကျ်ား ငါတော့ ဖျားပြီတဲ့။ အလုပ်မသွားနိုင်တော့ဘူး။ တကိုယ်လုံး ကိုက်ခဲနေတာပဲတဲ့။ ကျနော်လည်း စမ်းကြည့်လိုက်တော့ သူက ကိုယ်ပူနေတယ်။ အဲဒီကနေ အခြေအနေက တော်တော်ဆိုးလာတာ။"
ဒါပေမဲ့ အဲဒီအချိန်ထိ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ ဒေါ်တင်အေးက စစ်ဆေးမှုမလုပ်ခဲ့ရဘူးလို့ ဦးအောင်ကျော်တိုးကပြောပါတယ်။ ဒါအပြင် ဒေါ်တင်အေးလုပ်တဲ့ အမဲသားစက်ရုံမှာ အလုပ်သမား ၂၀၀၀ ထောင်ကျော်ရှိပြီး COVID-19 ရောဂါကာကွယ်ရေးဘာမှ မလုပ်ထားဘူးလို့ ဦးအောင်ကျော်တိုးက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမားတွေကို ကိုယ်ပူတိုင်တာမျိုး မလုပ်သလို၊ လူချင်း ၆ ပေကွာ အလုပ်လုပ်ဖို့ ဆိုတဲ့ အခြေအနေမျိုးလည်း မရှိဘူးလို့ဆိုပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ ဘယ်လိုမှ အလုပ်ကို မသွားနိုင်တဲ့အတွက် ဒေါ်တင်အေးဟာ စက်ရုံကို ဖျားနာခွင့် တိုင်ပြီးနောက် အိမ်မှာနေရင်း ချောင်းဆိုး၊ အသက်ရှုကျပ်တဲ့ အခြေအနေ အတော်လေး ဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၂၉ရက်နေ့ အရေးပေါ် ဆေးရုံတင်ချိန်မှာ သူ့ကို ချက်ချင်း ventilator အောက်စီဂျင်ပေးတဲ့ အသက်ရှုစက်ပေါ် တင်လိုက်ရတယ်လို့ ဦးအောင်ကျော်တိုးက ပြောပါတယ်။
"ဆေးရုံလည်း ရောက်ရော သူက လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ အသက်ရှုလို့လည်း မရတော့ဘူး။ ကြာသာပတေးနေ့ မတိုင်ခင်အထိ သူက အလုပ်လုပ်နေတုန်း။ သူတို့အလုပ်ကလည်း ဘာမှ မစစ်ပဲနဲ့ လုပ်ခွင့်ပြုနေတယ်။ ရှင်းရှင်းပြောရရင် social distancing၊ နှာခေါင်းစည်းတပ်တာတို့ ဘာမှ မရှိဘူး။"
SEE ALSO: COVID-19 ကြောင့် ကန် မှာ မြန်မာနွယ်ဖွား အနည်းဆုံး တဒါဇင်ခန့် သေဆုံး
အဲဒီလို ဆေးရုံမတင်ခင် ဒေါ်တင်အေးဟာ ကိုယ်ဝန်ရှိနေတဲ့ သမီးဖြစ်သူနဲ့ အမြဲ ပုံမှန်တွေ့ခဲ့ရာမှာ သမီးဖြစ်သူမှာလည်း COVID-19 ရောဂါကူးစက်ခံနေရကြောင်း ဆရာဝန်တွေက တွေ့ခဲ့ပြီးနောက် သမီးဖြစ်သူက မိဘနှစ်ပါးကို ဗိုင်းရပ်စ်ရှိမရှိ အမြန်ဆုံးစစ်ဖို့ တယ်လီဖုန်းနဲ့ လှမ်းပြောခဲ့တယ်လို့ ဦးအောင်ကျော်တိုး ကပြောပါတယ်။ သူတို့ သွားပြီး စစ်ဖို့ လုပ်နေချိန်မှာ ဇနီးဖြစ်သူရဲ့ အခြေအနေ ဆိုးရွားလာပြီး ဆေးရုံကို အမြန်တင်လိုက်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ သူ့မှာတော့ COVID-19 ရောဂါကူးစက်မှု လက္ခဏာပြခဲ့ပေမယ့် ဆရာဝန်ရဲ့ ညွန်ကြားချက်နဲ့ နှစ်ပတ်ကြာ quarantine လုပ်ခဲ့ပြီးနောက် ဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ (negative) တွေ့ရတယ်လို့ ဦးအောင်ကျော်တိုးက ပြောပါတယ်။
သမီးဖြစ်သူကလည်း ဒေါ်တင်အေး ဆေးရုံမတင်ခင် တရက်အလိုမှာ ကလေးကို အမြန်ဆုံး ဗိုက်ခွဲမွေးခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်တင်အေးဟာ သူ့မြေးဦး Felix ကိုတွေ့မသွားခဲ့ရပါဘူး။ ဒေါ်တင်အေး မကွယ်လွန်ခင် ဆေးရုံက အသက်ရှုစက်ပေါ်မှာ တလကျော်လောက်နေခဲ့ရပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို မေလ ၂၁ ရက်နေ့မှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း မီးသဂြိုလ်ခွင့် ရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာလကြောင့် လူတွေကန့်သတ်ထားတဲ့အတွက် မိသားစုဝင်သုံးဦး နဲ့အတူ မြန်မာသံဃာတော် တပါးနဲ့ စုစုပေါင်း ရှစ်ဦး တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ဒေါ်တင်အေး အပါအဝင် သူအလုပ် လုပ်တဲ့ JBS အမဲသားစက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ အလုပ်သမား စုစုပေါင်း ရှစ်ယောက်ရှိသွားပါပြီ။ စက်ရုံတွင်း ကူးစက်ခံရသူ အလုပ်သမားပေါင်း ၃၁၆ ယောက်ရှိနေကြောင်း ကိုလိုရာဒိုပြည်နယ် ကျန်းမာရေးဌာန စစ်တမ်းက ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ လက်ရှိ JBS အမဲသားစက်ရုံကို ဖွင့်ထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ သန့်ရှင်းရေးအတွက် ဆိုပြီး နှစ်ရက်ပဲ စက်ရုံကို ပိတ်ခဲ့တာပါ။ အခုလိုဒေါ်တင်အေး COVID-19 ရောဂါနဲ့ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ အမဲသားစက်ရုံရဲ့ ရောဂါကာကွယ်ရေး အားနည်းချက်တွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ဦးအောင်ကျော်တိုးက ဗွီအိုအေကို ပြောပါတယ်။
ကိုဗစ်ရောဂါနဲ့ ဒေါ်တင်အေး ကွယ်လွန်သွားတဲ့ ကိစ္စမှာ Greeley က JBS အမဲသားစက်ရုံကို United Food and Commercial Workers Union Local 7 အလုပ်သမားသမဂ္ဂက တရားစွဲဖို့ ပြင်ဆင်နေကြောင်း ဦးအောင်ကျော်တိုးက ပြောပါတယ်။ အဲဒီစက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ စုစုပေါင်း ၂၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
ဦးအောင်ကျော်တိုးနဲ့ နန်စန်းတင် (ခေါ်) ဒေါ်တင်အေးတို့ဟာ ထိုင်းမြန်မာနယ်စပ်က ABSDF ကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်းတွေဖြစ်ပြီး ဒေါ်တင်အေးကိုယ်တိုင်လည်း BWU မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။ သားသမီး နှစ်ဦးနဲ့အတူ မိသားစုတစုလုံး အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ၂၀၀၇ခုနှစ်မှာ ရောက်ရှိအခြေချခဲ့ပါတယ်။
Your browser doesn’t support HTML5
..................
(Unicode)
SEE ALSO: COVID-19 ရောဂါကြောင့် နယူးယောက်က မြန်မာ-အမေရိကန်တဦး ကွယ်လွန်