စစ်ကောင်စီ ဘဏ်အစည်းအဝေးခေါ်ယူမှုအပေါ် သုံးသပ်ချက်

စစ်ကောင်စီမှ ဘဏ်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံနေစဉ် (ဇူလိုင် ၁၀၊ ၂၀၂၄)

မြန်မာဘဏ်တွေမှာ လူအများငွေထုတ်ရခက်လာချိန်၊ ဘဏ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက နေပြည်တော်ခေါ်ပြီး ဆွေးနွေးတာကြောင့် ဈေးကွက်ရိုက်ခတ်သွားတယ်လို့ ထောက်ပြနေကြပါတယ်။ ဘဏ် နာယကတွေနဲ့ ဥက္ကဋ္ဌတွေကို ဗဟိုဘဏ်က အခုတခေါက် မပျက်မကွက်တက်ဖို့ ညွှန်ကြားခဲ့တာအပြင် ပြည်ထဲရေးဝန်ကြီးနဲ့ စစ်ကောင်စီ ထိပ်ပိုင်းတွေပါ ပါဝင်တဲ့အတွက် ထူးခြားတယ်လို့ သုံးသပ်သူတွေက ဆက်ထောက်ပြပါတယ်။ ဒီကနေ့ ဘဏ်အစည်းအဝေး ဘာကြောင့် ခေါ်ယူရတယ်ဆိုတဲ့ လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေ စုစည်းပြီး ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီနေ့လည် ၁နာရီခွဲမှာ စစ်ကောင်စီ ထိပ်ပိုင်း ၃ ဦးမြောက်နဲ့ ၄ ဦးမြောက် အဆင့်ရှိတဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးတို့ပါဝင်တဲ့ ဒီအစည်းအဝေး ပေါက်ကြားမှု ဂယက်ကို အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်က အခုလို ပြောပါတယ်။

“မနေ့ကနေစပြီးတော့ ဘဏ်ဥက္ကဋ္ဌတွေ နာယကတွေကို လှို့ဝှက်ဆိုပြီးအစည်းအဝေးခေါ်တဲ့သတင်းက ပေါက်ကြားသွားတော့ ဒီနေ့မနက်မှာ KBZ online ကလည်း ရပ်သွားတယ်။ Kpay ကလည်းရပ်သွားတဲ့အချိန်မှာ ဒီနေ့ KBZ ဘဏ်ကို စပယ်ရှယ်အကောင့်သွားထုတ်ရင် ငါးသိန်းပဲထုတ်လို့ရတယ်။ မနက်ဖြန်အတွက်က ငွေရရင်ထုတ်ပေးပါမယ်။ ငွေမရရင် မထုတ်ပေးဘူးဆိုတဲ့ သဘောမျိုးပြောလာတယ်ခင်ဗျ။ ပြီးတော့ လူတွေက ဈေးကွက်က ပိုပြီးတော့ တုန်လှုပ်ခြောက်ခြားနေတဲ့အနေအထားဖြစ်လာပါတယ်ခင်ဗျ။ ”

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ

အဲဒီတော့ ဒီအစည်းအဝေး အခုလို ခေါ်ရတာ ဖြစ်နိုင်ပုံကိုလည်း နောက် အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူက အခုလို သုံးသပ်ပါတယ်။

“အခုလက်ရှိပြည်ထဲရေးက ဘဏ်တွေအားလုံးကိုဗဟိုဘဏ်ကအိမ်ရှင်လုပ်ပြီးတော့တွေ့မယ် ဆွေးနွေးမယ်ဆိုတာသည် ဒီငွေဖောင်းပွနေတဲ့ကိစ္စ ပို့ကုန်ဝင်ငွေလျော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး၊ တိုင်းပြည်ရဲ့ ငွေရေးကြေးရေးရှင်းတမ်းလို့ခေါ်တဲ့ Balance of Payment အင်မတန်အခြေအနေဆိုးတဲ့ကိစ္စ၊ ဒါတွေကို ဘယ်လိုရှင်းမလဲဆိုတာကို အဖြေရှာဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒီ ဆာ့ဂျ်ပန်းတို့ဘာတို့ ခေါ်တယ်၊ စစ်တယ်မေးတယ်၊ စီးပွားရေး ဘဏ္ဍာရေးအရ တိုင်းပြည်ရပ်တည်ရေးဟာ ဒီစစ်ကောင်စီလက်ထက်မှာ ဆိုးသထက်ဆိုးလာပြီ”

ဒါ့အပြင် လက်ရှိ ဂယက်နဲ့ လူအများဘဏ်မှာ ငွေစထုတ်ဖို့ ဖြစ်လာခဲ့ပုံကိုလည်း စီးပွားရေးလုပ်ငန်းရှင်က အခုလို ထောက်ပြပါတယ်။

“အခုလောလောဆယ်တော့ မနက်မိုးလင်းလင်းချင်းမှာ ပထမဆုံးစဖြစ်တာက ငွေအများဆုံးလွှဲတဲ့ မြန်မာပြည်မှာ အသုံးအများဆုံး KBZ ပေါ့၊ ကမ္ဘောဇဘဏ်ရဲ့ အွန်လိုင်းဘန်းကင်းတခုလုံးက ရပ်သွားတယ်ဗျ။ Online Banking ဆိုတာ ကျွန်တော်တို့ ငွေ (သိန်း) ရာနဲ့ထောင်နဲ့ချီပြီး လွှဲလို့ရတဲ့အနေအထားပေါ့ဗျာ။ အဓိက စီးပွားရေးသမားအကုန် တနိုင်ငံလုံးသုံးတယ်။ အသုံးဆုံးကတော့ Kpay ပေါ့နော် ၊ ကေပေးပါရပ်သွားတယ်။ အဲဒီမှာ ဈေးကွက်တခုလုံးရှော့ခ်ဖြစ်သွားပြီးတော့ တနိုင်ငံလုံးကလူတွေအကုန်လုံးကိုထိခိုက်သွားပြီးတော့ ဘာဆက်လုပ်ရမှန်းကိုမသိတော့တဲ့ အနေအထား။ ပြန်သုံးသပ်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ သုံးလေးပတ်ကစမယ်။ ရိုးမဘဏ်ရဲ့ ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းကို ဘန်ကောက်ကွန်ဒိုကိစ္စနဲ့ပတ်သတ်ပြီးတော့ ဖမ်းတယ်လို့ သတင်းထွက်တယ်။ စဖြစ်လာတာကတော့ ဘဏ်တွေရဲ့ သဘောသဘာဝအရတော့လည်း ဂယက်စရိုက်လာတယ်ပေါ့လေ။ အဲဒီမှာ လွန်ခဲ့တဲ့ သုံးလေးရက်ကနေစပြီးတော့ ဘဏ် ၇ ဘဏ်ကို home loan အိမ်ရာနဲ့ပတ်သတ်တဲ့ချေးငွေ သတ်မှတ်ထားတဲ့ ပမာဏထက်ကိုပိုထုတ်တယ်ဆိုပြီးတော့ တရားဝင်ကြေညာချက်ထုတ်လိုက်တဲ့အချိန်မှာ တော်တော်ကြီးကို ဈေးကွက်မှာ သက်ရောက်သွားတယ်ဗျ။ အဓိကဘဏ်ကြီးတွေဖြစ်တဲ့ ဧရာဘဏ်တို့၊ ရိုးမဘဏ်တို့ UAB ဘဏ်တို့ပါ ပါတဲ့အတွက်ကြောင့်မို့လို့ ဈေးကွက်မှာတော့ ထုံးစံအတိုင်းပေါ့လေ ရွှေတို့ငွေတို့ ဒေါ်လာတို့ အကုန်စတက်ကုန်ကြတယ်ခင်ဗျ။ ”

စစ်ကောင်စီမှ ဘဏ်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံနေစဉ် (ဇူလိုင် ၁၀၊ ၂၀၂၄)

ဒီအပေါ် စီးပွားရေး လေ့လာသုံးသပ်သူကလည်း အခုလို ဆက်ထောက်ပြပါတယ်။

“အရင်တုန်းက ငွေထုတ်မပေးနိုင်ဘူး၊ ကန့်သတ်ပြီးတော့ ငွေတွေလှည့်လာကြပါ၊ ဒီငွေတွေကို special account နာမည်အသစ်တွေပေးပြီးတော့ အဲဒီအထဲမှာငွေထည့် ထည့်သလောက်ငွေ အကုန်ပြန်ထုတ်ပေးပါ့မယ်၊ အခုအဲဒီငွေတွေလည်း ပြန်ထုတ်မပေးနိုင်တော့ဘူး။ နဂိုကတည်းကမှ မယုံကြည်ရတဲ့အထဲမှာ နောက်ထပ်ယုံကြည်မှုကို ထပ်ပျက်အောင်ဖျက်တယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတွေကလည်း ဘဏ်တွေကိုအားကိုးလို့ မဖြစ်သထက်မဖြစ် ပိုပိုဆိုးလာတာ။ ဆိုတော့ ဖြေရှင်းဖို့ကြိုးစားလေလေ ပိုပြီးတော့ ဆိုးလာလေလေလည်း ဖြစ်ဦးမယ်ဆိုတာ ဟိုတုန်းကလည်း သာဓကတွေ တပုံကြီးရှိခဲ့ပြီးပြီ။ ”

ဒါ့အပြင် အခု အစည်းအဝေးအပြီး ရှေ့ဆက် စိုးရိမ်မိတာကိုလည်း စီးပွားရေးလုပ်ငန်းရှင်က အခုလို ခန့်မှန်းပါတယ်။

“အခုကတော့ ဘဏ်အစည်းအဝေးခေါ်တဲ့အနေအထားကို အားလုံးကစောင့်ကြည့်တဲ့ အနေအထား။ ဘာဆက်လုပ်မလိုဆိုပြီးတော့ ၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာလည်း အစည်းအဝေးက ထုံးစံအတိုင်းပဲလေ ဆန်စပါးအစည်းအဝေးဆိုပြီး ခေါ်လိုက်တဲ့အချိန်မှာ နောက်နေ့လည်းကျရော ဆန်ကုန်သည်တွေ ဆန်ဥက္ကဋ္ဌတွေ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ဒါရိုက်တာအဖွဲ့ဝင်တွေကို တော်တော်များများကို နေပြည်တော်မှာ ခဏဆိုပြီးတော့ တွေ့ဆုံ မေးမြန်းဖို့ဆိုပြီးခေါ်လိုက်တယ်။ နောက်ပြီးတော့ ဆီဆိုပြီးတော့အစည်းအဝေးခေါ်တယ်။ ဆိုတော့ အဲဒီမှာလည်း အားလုံးကလန့်နေကြတယ်။ ဘာဆက်ဖြစ်မလဲဆိုပြီးတော့။ ကျွန်တော်တို့ဆီမှာ ရှေ့ကလည်း အတွေ့အကြုံတွေရှိထားတော့ အခု ဘဏ်ဥက္ကဋ္ဌတွေ နာယကတွေဆိုတာ ထိပ်ဆုံးကလူတွေ တာဝန်ရှိတဲ့ထိပ်ဆုံးကလူ တန်းခေါ်ပြီး ဘာဆက်ဖြစ်မလဲဆိုတာ ဈေးကွက်က ထင်ကြေးအမျိုးမျိုးနဲ့ လူတွေက ပိုပြီးတော့ ရှော့ခ်ဖြစ်သွားပြီးတော့ အကုန်လုံးကြားထဲမှာ ကမောက်ကမတွေ အကုန်ဖြစ်ကုန်တယ်ခင်ဗျ”

လက်ရှိအစည်းအဝေးဆွေးနွေးခဲ့တာတွေကို ဒီအစည်းအဝေးတက်ခဲ့သူတွေနဲ့ နီးစပ်သူတွေကတော့ ဗဟိုဘဏ် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာကြဖို့ အဓိက ကြိုသတိပေးတာသာဖြစ်ပြီး တဆင့်စီဆက်အရေးယူလာနိုင်တယ်၊ ရိုးမဘဏ် ဥက္ကဋ္ဌ ဆာ့ခ်ျပန်းကိုတော့ အရေးယူဖို့ သေချာသလောက်ပဲလို့ ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီ ဘဏ်အစည်းအဝေးခေါ်ယူမှုအပေါ် သုံးသပ်ချက်