မြန်မာကာစီနိုပြန် ထိုင်းနိုင်ငံသား ၅၀ ကျော် ကိုဗစ်ပိုးတွေ့

ကိုဗစ်ဖြစ်နေတဲ့ ထိုင်းနိုင်ငံသားများကို မဲဆောက်ဆေးရုံကြီးဆီ လာပို့နေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ပြီး မကြာသေးခင်တုန်းက ပြန်လာကြတဲ့ ထိုင်းနိုင်ငံသားတွေထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၅၀ ကျော် ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပါမယ်။

မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီက ကာစီနိုလောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ဒီလဆန်းက စပြီး အသုတ်လိုက်ခွဲ ပြန်လည်လက်ခံနေရာမှာ မနေ့က ပြန်ရောက်လာသူ ၂၁ ယောက်နဲ့ပါဆိုရင် ၇၅ ယောက်ရှိခဲ့ပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးရာမှာတော့ အများစုက ကိုဗစ်ရောဂါပိုးကူးစက်နေတာ တွေ့ရကြောင်းလည်း ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့က ဆေးရုံအုပ် ဆရာဝန်ကြီး Dr. Thawatchai Sethasupana က သတင်းထောက်တွေကို အတည်ပြု ပြောဆိုလိုက်ပါတယ်။

SEE ALSO: ကိုဗစ်အတည်ပြုမြန်မာ ၃၀၀ ခန့် ထိုင်းဆေးရုံက ပြန်ဆင်းနိုင်

"ကာစီနိုလောင်းကစားရုံမှာ ကပ်ရောဂါကာလ သောင်တင်နေတဲ့ ထိုင်းနိုင်ငံသား ထောင်ဂဏန်းလောက် ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ မြဝတီမြို့မှာရှိတဲ့ ဆရာဝန်တွေကို ဆက်သွယ်အကူညီတောင်းပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ လွှတ်ပေးဖို့ အကူညီတောင်းခံခဲ့ပါတယ် အဲဒီနေရာမှာရှိတဲ့ ထိုင်းနိုင်ငံသားတွေကို ဆေးစစ်နိုင်ဖို့အတွက် စီစဉ်နေပါပြီ။ အခုခေါ်လာတာ တတိယအကြိမ်ဖြစ်ပါတယ်။ သူတို့ဟာ မြဝတီမြို့မှာ အလုပ်လုပ်နေကြတဲ့ သာမန်အရပ်သားတွေ ဖြစ်ပါတယ်။ မဲဆောက်ဆေးရုံကြီးမှာ ထားဖို့ အခက်အခဲ ရှိတယ်ဆိုရင် အရေးပေါ်ယာယီဆေးရုံတွေမှာ ထားပြီး အကူညီပေးမှာဖြစ်ပါတယ်။" ဆိုပြီး ဆေးရုံအုပ်ကြီးက ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မဲဆောက်ဆေးရုံကြီးမှာတော့ ကိုဗစ်လူနာ ၁၆၀ လောက်သာ ထားနိုင်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြုံရပြီးနောက် သွားလာလှုပ်ရှားမှုတွေနဲ့ လုပ်ငန်းတွေကို ကန့်သတ်တားမြစ်ခဲ့ရာက မြန်မာနိုင်ငံ နယ်စပ်မြို့က လောင်းကစား လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နေကြတာပါ။ ထိုင်းနိုင်ငံသားတွေ တရားဝင်ရော၊ တရားမဝင်ပါ နယ်စပ်ဖြတ်ကျော်ပြီး နေရပ်ပြန်ဖို့ ကြိုးစားရာက ရောဂါကူးစက်မှုတွေ ကြုံရမှာကိုလည်း ထိုင်းအာဏာပိုင်တွေ စိုးရိမ်နေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၇ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လလယ်က စလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၈၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၃၀,၀၀၀ ကျော်ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာကာစီနိုပြန် ထိုင်းနိုင်ငံသား ၅၀ ကျော် ကိုဗစ်ပိုးတွေ့

[Unicode Version]




SEE ALSO: မြန်မာပြန် ထိုင်းနိုင်ငံသားတချို့ ကိုဗစ်ကူးစက်နေတာတွေ့ရ



