မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေမှာ ကလေးငယ်တွေ အကြမ်းမှုနဲ့ ကြုံနေရဆဲလို့ ကုလပြော

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ကလေးငယ်တွေကို တပ်သားသစ်အဖြစ် စည်းရုံး အသုံးပြုတာတွေ လျော့ကျသွားအောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်နေတာကို တွေ့မြင်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေမှာ ကလေးများအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက် အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပမေယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတာနဲ့ ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပဋိပက္ခတွေဒေသတွေမှာ ကလေးငယ်တွေအပေါ် အကျိုးသက်ရောက်မှုတွေ ထပ်မံ ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အကြား ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအတွက် အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ်က အစီရင်ခံစာကို ပြုစုထားတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ပါဝင်ခြင်း မရှိတာကြောင့် အစီရင်ခံစာကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ တင်သွင်းဖို့ နောက်ထပ် တနှစ် သက်တမ်း ထပ်တိုးပေးလိုက်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးအနေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မနှစ် နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စေလွတ်ပြီးဖြစ်တာကြောင့် အစောပိုင်း တွေ့ရှိတဲ့ အချက်အလက်တွေကို လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းအဖွဲ့ထံ တင်ပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဖက်ပိုင်း ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကလေးငယ်တွေကို အသုံးချတာနဲ့ အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်နိုင်ကြောင်း၊ တချိန်ထဲမှာဘဲ အဲဒီလို ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကနေ ယခင် နှစ်တွေက ဖြစ်ပေါ်ခဲ့တဲ့ ကလေးစစ်သားစုဆောင်း၊ အသုံးချမှုဆိုင်ရာ တိုးတက်မှုတွေကိုလည်း ထိခိုက်စေနိုင်ကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သမိုင်းဝင် စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ကုလသမဂ္ဂက အစီရင်ခံစာ ပြုစုခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား ကလေးစစ်သား စုဆောင်းတာ အပါအဝင် သတ်ဖြတ်မှုနဲ့ ခြေပြတ် လက်ပြတ် ဖြစ်သွားစေတဲ့ အကြမ်းဖက်မှုတွေ ကလေးငယ်တွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရကြောင်းလည်း ကုလသမဂ္ဂရဲ့ Ms. Virginia Gamba ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေမှာ ကလေးငယ်တွေ အကြမ်းမှုနဲ့ ကြုံနေရဆဲလို့ ကုလပြော