(Zawgyi / Unicode)
တရုတ်သမ္မတရဲ့ မြန်မာပြည် ၂ ရက်တာ ခရီးစဉ်အတွင်းမှာ ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကြား သဘောတူညီမှု ၃၃ခု ထဲက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ ပတ်သက်ပြီး မြစ်ဆုံစီမံကိန်း စောင့်ကြည့်လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။ ဒါဟာ ဧရာဝတီ မြစ်ကြောင်း နဲ့ သံလွင် မြစ်ကြောင်း မှာ ရေအား လျှပ်စစ် ထုတ်လုပ်မှုတွေ အတွက် အကြို လမ်းကြောင်း ဖြစ် နိုင်တယ်လို့ တွက်ဆ နေကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဖိတ်ကြားချက်နဲ့ လာရောက်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်မီ ကတည်းက ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေက တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေကို ချပြပေးဖို့ တောင်းဆိုထားကြတာပါ။
တရုတ် သမ္မတရဲ့ခရီးစဉ် ဒုတိယမြောက်နေ့မှာ နှစ်နိုင်ငံကြား စီးပွားရေးသဘောတူညီမှု စာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြ ပေမယ့် အဲဒီထဲမှာ ပြည်သူလူထု စိုးရိမ်နေကြတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ မပါခဲ့ပါဘူး။
ဒါပေမယ့် ၂၄ ခုမြောက် အဖြစ် ဖော်ပြထားတဲ့ MoU နားလည်မှု စာချွန်လွှာက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖြစ်ပြီး ဒါဟာ မြစ်ဆုံနဲ့ဆက်စပ်နေမယ်လို့ စောင့်ကြည့်သူတွေက သံသယ ဖြစ်နေကြတာပါ။
အဲဒီစာချွန်လွှာဟာ မြန်မာပြည်သူတွေ စိုးရိမ်နေတဲ့ မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ကြောင်းနဲ့ သံလွင် မြစ်ကြောင်း ပေါ်က ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ အတွက် အကြိုလမ်းကြောင်းဖြစ် နေတယ်လို့ ကချင်အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ကပြောပါတယ်။
“မြစ်ဆုံက ၆၀၀၀ မဂ္ဂါဝပ်ပဲရှိတယ်။ ကျန်တာက ၁၅၅၀၀ မဂ္ဂါဝပ်က အဲဒီ ၆ခု (လာဆာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရွဲ၊ ချီဖွေ) က ထုတ်တာ။ ငေါ်ချမ်းခ ကလည်း ထည့်ပေါင်း လိုက်ရင် နှစ်သောင်းနီးနီးပြန်ရောက်သွားမယ် ဘာမှမထူးဘူး။ အဲဒီဟာတွေ အတွက်ကို ကျနော်တို့က Dam Site တွေ သူ့ရဲ့ Technical Change တွေ နောက်တခုက စာချုပ်တွေ မပြုပြင်မပြောင်းလဲခင်မှာ အန္တရာယ်တော့ တော်တော်များတယ်။ အဲဒါကို လူတွေကမေ့နေတာ။ တန်ဖဲပဲ အာရုံစိုက်နေတာ။ အဲဒါကြောင့် မြစ်ဆုံလို့ပြောလိုက်တာနဲ့ တန်ဖဲ-မြစ်ဆုံဒေသ လုပ်မှာမလားဆိုပြီးတော့ ကျနော်တို့က မီးရှို့တာမဟုတ်ဘူး။ ကျနော်တို့က နောက်ထပ် ၇ ခုကို သတိပေး နေတာ။”
မြစ်ဆုံနဲ့ပတ်သက်ရင် တန်ဖဲရွာမှာ တရုတ်စွမ်းအင်ကုမ္ပဏီ CPI ကလုပ်နေတဲ့ မြစ်ဆုံရေကာတာ တည်ဆောက်မှာကိုသာ လူအများက သတိထားမိကြပေမယ့် မြစ်ဆုံနဲ့ဆက်စပ်နေတဲ့ လာဆာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရွဲနဲ့ ချီဖွေ စတဲ့ ဆည်၆ခုမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့်အရေးကို ပြည်သူတွေအနေနဲ့ အခုချိန်မှာ သတိပြုဖို့ လိုတယ်လို့ ဒေါက်တာအမ်ကောန်လက ပြောတာပါ။
၂၀၀၆ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တုန်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစိုးရရဲ့ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ တရုတ်စွမ်းအင်ကုမ္ပဏီ CPI ကြားမှာ မြစ်ဆုံအပါအဝင် စုစုပေါင်း ဆည်၇ခုမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ကို စာချုပ်ချုပ်ဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမယ့် ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက် အစိုးရတွေ ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေကို ချပြခဲ့ခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့ဘူးလို့ ပြည်သူအများစုက ယုံကြည်ထားကြတာပါ။
အခု မြစ်ဆုံနဲ့ပတ်သက်တယ်လို့ ယူဆလို့ရတဲ့ ၂၄ ချက်မြောက် MoU နားလည်မှု စာချွန်လွှာနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူ တွေ သိအောင် တိတိကျကျ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပါတယ်။
“ဒီနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ ပတ်သက်တဲ့ ဥစ္စာကကျတော့ တကယ်တမ်း ပြောရမယ်ဆိုရင် သူက ဖြစ်နိုင်ချေလေ့လာတဲ့ MoU အဆင့်ပဲဖြစ်တာကို တွေ့ရတယ်။ သို့သော်လည်းပဲ တဘက်က နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းနဲ့ ကျနော်တို့ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ကို ဆက်စပ်ပြီးတွေးမယ်ဆိုရင်လည်း တွေးလို့ရတဲ့ အနေအထား မျိုးတွေ ရှိနေတဲ့အခါကျတော့ အစိုးရဘက်က ဒီ MoU နဲ့ ပတ်သက် ပြီးတော့ အသေးစိတ် တိတိကျကျ ထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။”
တရုတ်သမ္မတရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်အတွင်းမှာ သဘောတူစာချုပ် ၆ခု၊ နားလည်မှု စာချွန်လွှာ ၁၄ခု၊ ဖြစ်နိုင်ခြေနားလည်မှု စာချွန်လွှာ ၁၀ခု၊ သဘောတူညီချက် ၃ခုနဲ့ စုစုပေါင်း ၃၃ ခု ချုပ်ဆိုခဲ့တာပါ။
တရုတ်သမ္မတရောက်မလာခင်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ရင် အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ချပြပေးဖို့ ပြည်သူလူထုက တောင်းဆိုခဲ့တာ ဖြစ်ပြီး အခု တရုတ်သမ္မတရဲ့ အပြန်ခရီးစဉ်မှာတော့ ချုပ်ဆိုသွားတဲ့ အချက် ၃၃ ချက်အပေါ်မှာ ပွင့်လင်းမြင်သာမှု ရှိဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
................
(Unicode)