ကိုဗစ်ကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း ရိက္ခာအခက်အခဲရှိနေ

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း ကချင်ပြည်နယ်နမ္မတီးမြို့က စစ်ရှောင်စခန်းတစ်ခုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသက ကျေးရွာတွေမှာ ရိက္ခာအခက်အခဲ တွေ့ကြုံနေရတဲ့ သတင်းကို ကိုမိုးဇော် တင်ပြပေးမှာပါ။

ကချင်ပြည်နယ် နမ္မတီးမြို့နယ် လမ်းခွရွာက စစ်ရှောင်စခန်းမှာ COVID-19 ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အလှူရှင်အဖွဲ့အစည်းတွေဟာ အရင်ကလို လာရောက်တာမရှိတာကြောင့် အခက်အခဲတွေ့ကြုံနေရတာပါ။

လက်ရှိအခြေအနေကို လမ်းခွရွာ စစ်ရှောင်စခန်းတာဝန်ခံ ဦးယော်ထုံက အခုလို ပြောပါတယ်။

“ ကျနော်တို့ စစ်ရှောင်စခန်းမှာ အခုတလော ဒီ COVID ကြောင့်လား .. အဖွဲ့အစည်းတွေက ဘယ်အဖွဲ့အစည်းမှလည်း မလာတော့လေ ဒီမှာ စားနပ်ရိက္ခာတွေ ဘာတွေ တော်တော်လေး အခက်အခဲတော့ ဖြစ်နေတယ်။ ခါတိုင်းကျတော့ World Food (Program)တွေ World Food တွေကျတော့ သူတို့က ဆန်တွေ ဘာတွေ လာထောက်ပံ့တာတွေ ရှိတယ်။ နောက်ပြီးကျတော့ KMSS ကျတော့ ဟင်းဖိုးဆိုပြီးတော့ တစ်လကို တစ်ယောက်ကို တစ်သောင်းကျော်စီ လာပေးတာတွေ ရှိတယ်။ ဒါပေမဲ့လည်း ဒီ COVID ရောဂါကြောင့် အခု ဒီ ၂လ၊ ၃လလောက်ရှိပြီ သူတို့ မလာတာ။”

SEE ALSO: ဖားကန့်မှာ COVID-19 ကျယ်ပြန့်စွာ ကူးစက်ပျံ့နှံ့မယ့်အရေး စိုးရိမ်မှုတွေရှိနေ

စခန်းရှိ စစ်ရှောင်ပြည်သူတွေဟာ အရင်က အပြင်ထွက်ပြီး နေ့စားအလုပ်လုပ်ကိုင်နိုင်ပေမယ့် အခုအခါ အပြင်ထွက်ခွင့်ပိတ်ထားတာကြောင့် ပိုပြီး အခက်အခဲဖြစ်နေရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိ သူတွေက သူတို့ စခန်းကို လာရောက်ပြီး ဆပ်ပြာနဲ့ Mask အချို့ပေးဝေတာရှိပေမဲ့ တခြားထောက်ပံ့ မရှိကြောင်း၊ ဧပြီလအတွင်းကတော့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကို အကူအညီ တောင်းခံထားကြောင်း ပြောပါတယ်။

လမ်းခွစစ်ရှောင်စခန်းဟာ ၂၀၁၈ခုနှစ် ဧပြီလမှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး လူဦးရေ ၅၀၀ကျော်လောက် နေထိုင်နေတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွင်းက တအန်း(ပလောင်) ကျေးရွာတွေမှာ ရိက္ခာအခက်အခဲ တွေ့ကြုံနေရတာကြောင့် တအန်းသံဃာတော်များအဖွဲ့ (ဗဟို)နဲ့ တအန်းလူမှုကူညီေ ရးအသင်း( ကျောက်မဲ)က သွားရောက် ကူညီထားပါတယ်။

တအန်းသံဃာတော်များအဖွဲ့ (ဗဟို) ရဲ့ အတွင်းရေးမှုး ဦးတိက္ခဉာဏက ရွာပေါင်း ၁၂ရွာက လူ ၁၂၀၀ကျော်လောက်ကို ကူညီပေးခဲ့ကြောင်း အခုလို မိန့်ကြားပါတယ်။

“ ၁၂ ရွာသွားခဲ့တယ်။ မိုင်းရယ်က ၆ရွာရယ်။ မိုင်းယော်က ၆ရွာရယ်။ အဲဒီမှာ ဦးဇင်းတို့က ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ဆပ်ပြာမှုန့်ရယ်၊ ပြီးရင် အသားတုပေါ့လေ။ အဲလိုဟာလေးတွေ ကူညီထောက်ပံ့ခဲ့တယ်။ ပြီးရင် ဆေးဝါးတွေလည်း ယူသွားတယ်ပေါ့။ ၁၂ရွာပေါင်းရင်တော့ လူဦးရေက ဦးဇင်းတို့ လူဦးရေက တိတိကျကျ စာရင်းတော့ မရဘူး။ ဒါပေမဲ့ ဦးဇင်းတို့ ထုပ်တဲ့ အထုပ်ပေါ်မူတည်ရင် လူဦးရေက ၁၂၀၀ နဲ့ အထက်မှာပဲ ရှိတယ်။”

တအန်း(ပလောင်)ကျေးရွာတွေရဲ့ အခက်အခဲကိုလည်း အခုလို ဆက်လက်မိန့်ကြားပါတယ်။

“ နဂိုမူလကတည်းက အဲဒီရွာတွေမှာက ပင်မအလုပ်အကိုင်ပေါ့လေ။ ကျောက်မဲဒေသတို့လို လက်ဖက်တို့ဘာတို့ နှစ်စဉ်နဲ့အမျှ ဝင်ငွေရှိတဲ့ဟာမျိုး မရှိဘူး။ အလုပ်က။ အဲတော့ သူတို့က နေ့စားလိုက်လုပ်တာတွေ ရှိတယ်။ ပလိုင်းတွေ ရက်တာတွေ ရှိတယ်။ ဖျာတွေ ရက်တာတွေ အဲလိုမျိုးတွေ ဈေးမှာ သွားရောင်းတာတွေ ရှိတယ်။ အခု COVID ကာလအတွင်းကျတော့ တချို့က ၅ရက်တစ်ဈေးတွေ ပိတ်တယ်လေ။ အများဆုံးကတော့ ၅ရက်တစ်ဈေး၊ ၅ရက်တစ်ဈေးတွေမှာ လိုက်ရောင်းကြတယ်။ ဥပမာ ပျားရည်တို့ ဘာတွေတွေပေါ့ အဲလိုမျိုးတွေ သွားရောင်းကြတယ်။ အဲတော့ ၅ရက်တစ်ဈေးတွေ ပိတ်တဲ့အခါ သူတို့မှာ သွားရောင်းစရာနေရာကလည်း မရှိဘူး။ သူတို့မှာ ဝင်ငွေကမရှိဘူး မရှိတဲ့အခါကျတော့ အစားအသောက်က အခက်အခဲကြုံတွေ့ရတယ်။ အဲဒါတွေကို အဲဒီမှာ ရှိတဲ့ ဆရာတော်တွေက ဦးဇင်းတို့ ဆီကို အကြောင်းကြားတဲ့အခါကျတော့ သွားရောက်ပြီး ကူညီပေးရတာဖြစ်တယ်။”

တအန်းကျောင်းသားလူငယ်အဖွဲ့က ကောက်ယူထားတဲ့ စာရင်းအရဆိုရင် စုစုပေါင်းအခက်အခဲတွေ့ကြုံနေရတဲ့ ကျေးရွာ ၄၃ရွာရှိပြီး အဲဒီရွာအများစုဟာ ကားလမ်းမပေါက်တဲ့ ကျေးရွာတွေဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း ရိက္ခာအခက်အခဲရှိနေ


..................


(Unicode)





SEE ALSO: ကိုဗစ်ရောဂါထိန်းချုပ် ကုသရေး ကချင်ပြည်နယ်အစိုးရနဲ့ KIO ပူးပေါင်းဆောင်ရွက်မည်








