မြန်မာ COVID-19 တိုက်ဖျက်ရေး ရောဂါစမ်းသပ်ပစ္စည်း ၇၅,၀၀၀ ကျော် ကုလကူညီခဲ့

COVID-19 တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂက ကူညီပံ့ပိုးပေးတဲ့ ရောဂါစမ်းသပ်ကိရိယာများ။ (ဓာတ်ပုံ - United Nations Myanmar - ဇွန် ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ အသုံးပြုဖို့ ရောဂါ ရှာဖွေစမ်းသပ်ပစ္စည်း TEST KIT ၇၅,၀၀၀ ကျော်ကို ကုလသမဂ္ဂအဖွဲ့အစည်းတွေက မြန်မာ အစိုးရကို ပေးအပ်ခဲ့ကြောင်းနဲ့ Unilever ကုမ္ပဏီကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ပူးပေါင်းပြီး ဆပ်ပြာခဲ ၆၀၀,၀၀၀ သိန်းကျော် ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂနဲ့ UNHCR တို့က ကြေညာချက် အသီးအသီး ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇွန်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းများ ရန်ပုံငွေ အစီအစဉ်အနေနဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အရှိန်အဟုန်နဲ့ ဆက်လက် ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ကုလအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 လူနာ ပထမဆုံး စတင်တွေ့ရှိချိန်ကစပြီး ရောဂါ စမ်းသပ်ကိရိယာပေါင်း ၇၃,၀၀၀ ကျော်ကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို လှူဒါန်းခဲ့တယ်လို့လည်း ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပေးအပ်တဲ့ စမ်းသပ်ကိရိယာ ၃,၀၀၀ ကျော် မတ်လ နှောင်းပိုင်းမှာ ပထမဆုံး မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးတဲ့နောက် အလှူရှင်နိုင်ငံတွေ ဖြစ်တဲ့ ယူကေ၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ပေးအပ်တဲ့ ရန်ပုံငွေနဲ့ ကုလသမဂ္ဂက ရောဂါ စမ်းသပ်ကိရိယာ ၅၅,၀၀၀ ကျော်ကို ပေးအပ်ခဲ့ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ကလည်း စမ်းသပ် ကိရိယာ ၂၀,၀၀၀ ကျော်ကို လွန်ခဲ့တဲ့ နှစ်လအတွင်း နှစ်သုတ်ခွဲ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

SEE ALSO: ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ဘာတွေလုပ်ပေးနေလဲ

ပိုပြီးတိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့လည်း အလိုအလျောက် စမ်းသပ်နမူနာ ထုတ်ယူတဲ့စက် နှစ်လုံးကိုလည်း The Access to Health Fund အဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

UNHCR အဖွဲ့နဲ့ Unilever ကုမ္ပဏီတို့က ဇွန်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာလည်း COVID-19 ရောဂါ တိုက်ဖျက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေကိုလှူဒါန်းနေရာမှာ Unilever ကုမ္ပဏီက ဆပ်ပြာခဲ ၆၀၈,၀၀၀ ကို UNHCR အဖွဲ့ကတဆင့် လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို ပို့ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒီ ပစ္စည်းတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ မိသားစုတွေနဲ့ လိုအပ်နေတဲ့ တစ်ခြား ရပ်ရွာလူထုကို ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ COVID-19 တိုက်ဖျက်ရေး ရောဂါစမ်းသပ်ပစ္စည်း ၇၅,၀၀၀ ကျော် ကုလကူညီခဲ့

[Unicode Version]





SEE ALSO: မြန်မာ့ COVID-19 တိုက်ဖျက်ရေးအတွက် ကုလနဲ့ EU အကူအညီတွေ ထပ်မံရောက်ရှိ


