စေတနာ့ဝန်ထမ်းအဖွဲ့ အစိုးရက ဦးဆောင်သင့်-မသင့်

ရွှေတိဂုံဘုရား ရင်ပြင်မှာ ပိုးသတ်ဆေးဖြန်းနေတဲ့ စေတနာ့ဝန်ထမ်း တဦး (မတ် ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအဆင့် စေတနာဝန်ထမ်း ဦးဆောင်အဖွဲ့မှာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ ပါဝင်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စေတနာ့ ဝန်ထမ်းတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်စာတစောင်ကို ဧပြီလ ၂၅ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်တာပါ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ COVID-19 ရောဂါ အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရရဲ့ မူဝါဒတွေနဲ့ အညီ ဆောင်ရွက် နိုင်ဖို့အတွက် စေတနာ့ ဝန်ထမ်းတွေကို လေ့ကျင့်ပါဝင်နိုင်စေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးတွေ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်တွေ အမြဲတမ်း အတွင်းဝန်တွေနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက အရာရှိတွေ ပါဝင်ပါတယ်။

လိုအပ်ချက်တွေ များလာတဲ့အတွက် လူထုအင်အား လိုအပ်လာတာကြောင့် ဖွဲ့စည်းရတာဖြစ်ပြီး ဒါက လူတိုင်းကို စစ်မှန်တဲ့ ပရဟိတ လုပ်လာနိုင်အောင် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ We Love Yangon အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆရာမ ဒေါ်သန်းမြင့်အောင်က ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ဒီအစိုးရ အဖွဲ့အစည်းတွေ အာဏာပိုင်တွေ ပါဝင်ပြီးတော့မှ ဒီလုပ်ငန်းတွေ လုပ်မယ်ဆိုရင်လည်း ပရဟိတ ပုံစံနဲ့ပဲ လုပ်သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒီပုံစံနဲ့ပဲ လုပ်ရမှာပါ။ အာဏာသက်ရောက်မှုနဲ့ လုပ်ရင်တော့ အဆင်မပြေပါဘူးရှင့်။ အဲ့ဒီလို ပရဟိတ ဘောင်ထဲကနေ လုပ်ဆောင်သွားမယ်လို့ပဲ ကျမတို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒါဟာ လူအများကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကိုင်နိုင်အောင် ဖွင့်ပေးလိုက်တယ်လို့လည်း ကျမ ယူဆပါတယ်။ လူတိုင်းလူတိုင်း ပရဟိတ လုပ်နိုင်အောင် စစ်မှန်တဲ့ ပရဟိတ ပေါ့နှော်၊ လူတိုင်းလူတိုင်း ကိုယ်ကျိုး မရှာဘဲနဲ့ စစ်မှန်တဲ့ ပရဟိတ လုပ်နိုင်အောင်လို့ လမ်းဖွင့်ပေးလိုက်တယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။”

SEE ALSO: ရန်ကုန်တိုင်း ၃ မြို့နယ်မှာ Stay at Home အမိန့် စတင်အသက်ဝင်

ဒီလို လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို မနှစ်သက်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။

လူမှုကူညီရေး ပရဟိတအသင်းတွေက အစိုးရလက်အောက်ခံအဖွဲ့တွေ မဟုတ်တာကြောင့် အစိုးရရဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်ရင် အဆင်ပြေနိုင်မှာ မဟုတ်သလို ဒီ အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ အဝေရာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်က ပြောပါတယ်။

“ပရဟိတဆိုတာ Non-Government Organization ဆိုတဲ့ အတိုင်းပဲ ကျနော်တို့က အစိုးရရဲ့ အစိုးရအဖွဲ့အစည်းက ပါဝင်လာမှာကို မနှစ်သက်ဘူးပေါ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ သူတို့ရဲ့ လမ်းညွှန်မှု တစ်နည်းအားဖြင့် ဗဟိုဦးစီးစနစ်နဲ့ ခိုင်းလာမှာကို ညွှန်ကြားလာမှုတွေကို ကျနော်တို့က ကိုယ်တိုင်လည်း လိုက်နာနိုင်မှ လိုက်နာနိုင်မယ်။ ကိုယ့်အဖွဲ့အစည်း အသင်းဝင်တွေကိုလည်း အဲ့ဒီအတိုင်း အမိန့်ပေးချင်မှ ပေးနိုင်မယ်၊ မပေးနိုင်ဘူးပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့။ အဲ့တော့ Organization တခုအနေနဲ့ ဗဟိုဦးစီးစနစ်နဲ့ လာမယ်ဆိုရင် ကျနော်တို့က ဘယ်လိုမှ အဆင်မပြေဘူပေါ့ဗျာနော်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ ဒါကိုတော့ လုံးဝကန့်ကွက်တယ်ပေါ့ဗျာ ရှင်းရှင်းပြောရရင်တော့ အဲ့ဒီအဖွဲ့အစည်းကို ဝင်ရောက်ဖို့အတွက် စာရင်းပေးပါ ဘာညာဆိုရင်တော့ ကျနော်တို့ အဖွဲ့တွေ ပရဟိတ အဖွဲ့တွေ တော်တော်များများက စာရင်းပေးမယ်တော့ မထင်ဘူးဗျ။ ကျနော်တို့ကတော့ မပေးဘူး သေချာပေါက်။”

အဖွဲ့အစည်းကို ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဘူးလို့ ဆိုပေမဲ့ အဝေရာ လူမှုကူညီရေး အသင်းအနေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး COVID-19 ထိန်းချုပ်နိုင်ရေးအတွက် ကူညီလုပ်ကိုင်ပေးနေပါတယ်။

SEE ALSO: ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အစိုးရ ပြင်ဆင်

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူမှုရေးဝန်ကြီးတွေက ဦးဆောင်ပြီး မြို့နယ်အလိုက် လက်ရှိ Quarantine Center တွေမှာ လက်ရှိ ဆောင်ရွက်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စာရင်း ပါဝင်လုပ်ဆောင်ဖို့ ဆန္ဒပြုထားကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စာရင်း Quarantine Center တခုချင်းရဲ့ လိုအပ်မှုစာရင်းတွေ စတာတွေကို စာရင်းကောက်ယူကြရမှာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းတွေအတွက် လုပ်ငန်းတာဝန်တွေ ပြီးဆုံးတဲ့အခါ အလှည့်ကျစနစ်နဲ့ အနားယူနိုင်မယ့် နေရာတွေ စီစဉ်ပေးရေး ညှိနှိုင်းဆောင်ရွက်တာ အခမဲ့ကျန်းမာရေး စစ်ဆေးပေးတာနှင့် လိုအပ်ရင် ဆေးကုသမှုပေးတာ လိုအပ်တဲ့ လုံခြုံရေး အကာကွယ်နဲ့ ဆေးဝါး ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးတာနှင့် ကူညီရေးတာဝန်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ သင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးတာ စတာတွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

စေတနာ့ဝန်ထမ်းအဖွဲ့ အစိုးရက ဦးဆောင်သင့်-မသင့်

[Unicode Version]









SEE ALSO: မြန်မာအကျဉ်းသားတွေရဲ့ ကိုဗစ်ကာကွယ်ရေးလိုအပ်ချက်တွေ UNODC ထောက်ပံ့ပေးနေ



