သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အစိုးရ ပြင်ဆင်


COVID-19 ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ဂျပန်နိုင်ငံတွင် နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဧပြီ ၂၀၊ ၂၀၂၀)
COVID-19 ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ဂျပန်နိုင်ငံတွင် နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဧပြီ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံ စတဲ့ အာရှနိုင်ငံတချို့ကနေ မြန်မာနိုင်ငံကို ပြန်လိုသူတွေအတွက် သက်ဆိုင်ရာသံရုံးတွေက လေကြောင်းလိုင်းတွေ စီစဉ်ပေးနေပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဧပြီလ ၂၅ ရက်နေ့ စနေနေ့ကစပြီး ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ စတဲ့ အာရှနိုင်ငံတချို့က အခြေစိုက် မြန်မာသံရုံးတွေကနေ မြန်မာပြည်ပြန်လိုသူ မြန်မာနိုင်ငံသားတွေ အမြန်ဆုံးဆက်သွယ်ကြဖို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်နေကြတာပါ။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားချိန် ကမ္ဘာတဝှမ်း နိုင်ငံတကာ ခရီးသွားလာခွင့်တွေကို ပိတ်ပင်လိုက်ချိန် နိုင်ငံရပ်ခြားတွေမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် မြန်မာပြည်ကို အပြီးပြန်လိုတဲ့ နိုင်ငံသားတွေ နေရပ်ပြန်ရေး (Relief Flight) လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လေကြောင်းအစီအစဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာအစိုးရ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက စီစဉ်နေတာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ နေထိုင်ဖို့ အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံကို မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာမယ့် သူတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ညှိနှိုင်းချက်တွေအရ (Relief Flight) လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်တွေကို လာမယ့်မေလထဲ ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက အလည်အပတ်နဲ့ ခေတ္တမပါ အပြီးပြန်လိုသူတွေအနေနဲ့ ဧပြီလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံကူးလက်မှတ်တွေ ကိုရီးယားက ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ကတ်တွေနဲ့အတူ သံရုံးကထုတ်ပြန်ထားတဲ့ လိုအပ်တဲ့ အချက်အလက်တွေကို သံရုံးကို အမီပေးပို့ကြဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိကကတော့ အရင်တုန်းကလည်း ကျနော့်ဆီကို အပြီးပြန်လိုတဲ့သူတွေ သတင်းပို့ထားတာတွေ ရှိပါတယ်။ ရက်အတိအကျကိုတော့ ထွက်မယ့်ရက်ကိုတော့ စာရင်းကောက်ပြီးသွားရင် ဦးရေပေါ်မူတည်ပြီး ကြေညာပေးမှာပါ။ လောလောဆယ်မှာတော့ လိုက်ပါမယ့်သူစာရင်း ယူနေပါတယ်။ ခေတ္တပြန်မယ့်သူတွေ မဟုတ်ဘဲ အပြီးပြန်မယ့်သူတွေကိုပဲ အထူးဦးစားပေး စာရင်းပေးပို့ပါဆိုပြီး ကျနော်တို့ ကြေညာလိုက်တာပါ။ ဆိုတော့ သူတို့အနေနဲ့ ဘာတွေ လိုက်နာဆောင်ရွက်ရမလဲဆိုရင် ကျနော်တို့သံရုံးက သတ်မှတ်ထားတဲ့ အချက်အလက်တွေပေါ့နော် ပတ်စ်ပို့မိတ္တူ၊ ဒီနိုင်ငံက ထုတ်ပေးထားတဲ့ နိုင်ငံခြားသားလက်မှတ် အိုင်ဒီမိတ္တူ၊ ပြန်လိုတဲ့အကြောင်းရင်းနဲ့ ကိုရီးယားမှာ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ တချို့ လေယာဉ်လက်မှတ် ဝယ်ပြီးသားရှိရင်လည်း လက်မှတ်ကို ဓာတ်ပုံရိုက် ပို့ပေးရမယ်၊ ပြီးတော့မှ လေကြောင်းလိုင်းနဲ့ ချိတ်ဆက်ပြီး သူတို့ ဆက်လုပ်ရပါမယ်။”

တောင်ကိုရီးယားကနေ ပြန်လာမယ့်သူတွေအတွက်ကတော့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နဲ့ စီစဉ်တာဖြစ်ပြီး လေယာဉ်လက်မှတ် ဝယ်ယူချိန်နဲ့ ခန့်မှန်းခြေ မေလဆန်းကစလို့ လေယာဉ်ထွက်ခွာမယ့် ရက်တွေကို ထပ်ကြေညာမှာဖြစ်တယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။

ဒီအစီအစဉ်ကတော့ ဒီကပ်ရောဂါ ဖြစ်နေတဲ့ကာလ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေပြီး အမှန်တကယ်ကို အခက်ခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားသောအားဖြင့် ကူညီပေးနေတာဖြစ်လို့ သက်ဆိုင်ရာသံရုံးတွေကို အမြန်ဆုံး ဆက်သွယ်ကြဖို့ကိုလည်း အလုပ်သမား သံအရာရှိက တိုက်တွန်းပါတယ်။

“ဒီတနင်္လာနေ့ နောက်ဆုံးထားပြီးတော့ ကျနော်တို့သံရုံးကို ပို့ပေးရပါမယ်။ ကျနော့်ဆီ အလုပ်သမားသံအရာရှိဆီ ပို့ပေးထားတာတွေလည်း ရှိပါတယ်။ ကျနော်တို့က စာချုပ်သက်တမ်းပြည့်သူတွေ သက်တိုးတမ်းပြီး အပြင်မှာနေတဲ့သူတွေ စသဖြင့် သေချာစိစစ်ပြီး ကျနော်တို့ စီစဉ်ပေးလိုက်မှာပါ။ လောလောဆယ် ကျနော်တို့ ပြန်ဖို့အစီအစဉ် စနိုင်မယ့်နေ့ကတော့ မေလ ၃ ရက်နေ့ပေါ့။ ၃ ရက်နေ့မှာ စပြီးထွက်နိုင်အောင်တော့ ကျနော်တို့ ကြိုးစားကြည့်မယ်ခင်ဗျ။ လေကြောင်းခရီးကိုလည်း တကြောင်းဖြစ်ဖြစ် နှစ်ကြောင်းဖြစ်ဖြစ် အဆင်ပြေသလို စီစဉ်ပေးပါမယ်။”

ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မိသားစုတွေ၊ မြန်မာနိုင်ငံကို ပြန်နိုင်ရေးအတွက်ကိုလည်း မြန်မာအစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား အချက်အလက်တွေ ပို့ပေးဖို့ တိုကျိုမြို့ မြန်မာသံရုံးက စနေနေ့မှာ ကြေညာလိုက်ပါတယ်။ အခက်အခဲတွေနဲ့ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မေလ ပထမပတ်အတွင်းမှာ All Nippon Airways (ANA) နဲ့ ညှိနှိုင်းပြီး လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) နဲ့ ပြန်လည်ခေါ်ဆောင်သွားဖို့ စီစဉ်နေတာပါ။

ဂျပန်ကနေ ထွက်ခွာမယ့်ရက် အတိအကျကိုတော့ လေကြောင်းလိုင်းနဲ့ ညှိနှိုင်းပြီးတဲ့အခါမှာ ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။ ဂျပန်မှာတော့ အထူးသဖြင့် မိသားစုဝင်တွေနဲ့ အလည်အပတ်ရောက်လာသူတွေ အဓိက ပြန်ကြဖို့ဖြစ်တယ်လို့ ဂျပန်-မြန်မာအသင်းက ဦးဇော်မင်းခိုင်က သူသိထားသမျှ ပြောပြပါတယ်။

“ဒီမှာက လုပ်ငန်းခွင်ထဲ လာတဲ့သူတွေကတော့ ပြန်ချင်တာက ဒီလောက် ဆန္ဒသိပ်မရှိပါဘူး။ အဓိကကတော့ သူတို့နဲ့ပတ်သက်တဲ့ မိဘတွေ၊ မိသားစုတွေ၊ မှီခိုတွေနဲ့ပေါ့၊ တချို့ကလည်း ပြန်ဖို့လည်းအချိန်တန်ပြီ၊ ပြန်ဖို့လည်း အခက်အခဲ ဖြစ်နေတာပေါ့။ သံရုံးကတော့ တရားဝင်လာတဲ့သူ၊ ပတ်စ်ပို့ပြနိုင်တဲ့သူဆိုပြီး ရေးထားတော့လေ တရားဝင်လာနေတဲ့သူတွေနဲ့ ပိုသက်ဆိုင်မယ်။ ဒီမှာကလည်း အခုခေတ်က တရားမဝင်နေတဲ့သူကလည်း သိပ်ပြီးမရှိတော့ဘူး။ မိသားစုတွေနဲ့ အလည်လာရင်း သောင်တင်နေတဲ့သူတွေ အများစု ပြန်ကြဖို့ဖြစ်တယ်။ လေယာဉ်လက်မှတ်ရဖို့နဲ့ ပြန်လိုသူတွေ တော်တော်များများရှိတယ်။”

ဒီလို လူသားချင်းစာနာမှုဆိုင်ရာ (Relief Flight) တွေနဲ့ ပြန်လာသူတွေ မြန်မာနိုင်ငံကို ရောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း Facility Quarantine ၂၁ ရက်နဲ့ နေအိမ်မှာ သီးခြားခွဲနေထိုင်တဲ့ (Home Quarantine) ၇ ရက် စုစုပေါင်း ၂၈ ရက် သီးသန့်ခွဲနေရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကျင်းပတဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စင်ကာပူ၊ ဘန်ကောက်နဲ့ နယူးဒေလီမြို့တွေဆီကို သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ညှိနှိုင်းပြီး Relief Flight တွေ အမြန်ဆုံး ပျံသန်းပေးသွားမှာဖြစ်ကြောင်းနဲ့ ခရီးသည်တွေအနေနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ဆက်သွယ် ဆောင်ရွက်ကြဖို့ကိုလည်း Myanmar National Airlines (MNA) မြန်မာအမျိုးသားလေကြောင်းလိုင်းက ဧပြီလ ၂၅ ရက်နေ့ စနေနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)
















XS
SM
MD
LG