သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်ရောက် မြန်မာတွေ အခက်ကြုံ


ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်နိုင်ရေး နှာခေါင်းစည်းတပ် အလုပ်လုပ်နေသည့် ဂျပန်နိုင်ငံမှ စားသောက်ဆိုင်ဝန်ထမ်းတဦး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်နိုင်ရေး နှာခေါင်းစည်းတပ် အလုပ်လုပ်နေသည့် ဂျပန်နိုင်ငံမှ စားသောက်ဆိုင်ဝန်ထမ်းတဦး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးနိုင်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း စနေနေ့တုန်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တိုက်တွန်းလိုက်ပါတယ်။ ရောဂါကူးစက်မှုကြောင့် တနိုင်ငံလုံး စာသင်ကျောင်းတွေ ပိတ်ထားလိုက်သလို လူအများ စုဝေးတတ်တဲ့ အားကစားနဲ့ ဖျော်ဖြေရေးပွဲတွေကို ယာယီရပ်နားထားကြဖို့ ဝန်ကြီးချုပ်က သတိပေးလိုက်တဲ့အတွက် ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြားမှာလည်း စိုးရိမ်မှုတွေ တိုးလာနေတာပါ။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အသစ်တွေ ထပ်တိုးလာတာကြောင့် ဒါကို တုံ့ပြန်ကိုင်တွယ်နိုင်ဖို့အတွက် ဂျပန်တနိုင်ငံလုံးက ကျောင်းတွေကို ဧပြီလဆန်းအထိ ပိတ်ထားဖို့ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe က စနေနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဒီလို ကိုင်တွယ်ဆောင်ရွက်မှုတွေမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးကြောင်း ဝန်ကြီးချုပ် Shinzo Abe က တိုက်တွန်းပါတယ်။

“ဒီရောဂါ တားဆီးကာကွယ်ရေးကိစ္စမှာ အစိုးရတရပ်တည်းရဲ့ အင်အားနဲ့ မတတ်နိုင်ပါဘူး။ ဂျပန်ပြည်သူတွေက ကျန်းမာရေး ကျွမ်းကျင်အဖွဲ့တွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ၊ ဒေသန္တရ အစိုးရတွေနဲ့ပါ နားလည်မှုရှိရှိ ပူးပေါင်းပေးဖို့က မရှိမဖြစ် လိုအပ်ပါတယ်။”

ကျောင်းတွေ ယာယီပိတ်လိုက်တဲ့ အစိုးရဆုံးဖြတ်ချက်ကို နားလည်ပေးကြဖို့ မစ္စတာ Abe က ပြောပါတယ်။ အခုလို ကျောင်းတွေပိတ်လိုက်တဲ့အတွက် လူတွေ အသွားအလာ ကျဲသွားသလို စားနပ်ရိက္ခာ စုဆောင်းတာတွေ လုပ်လာကြတယ်လို့ တိုကျိုမြို့မှာနေထိုင်တဲ့ ကျောင်းသားမိခင် ဒေါ်မိုးမိုးအိက ပြောပါတယ်။

“အခုကလေ ဒီရောဂါဖြစ်တဲ့ လူနာတွေက တနေ့ထက်တနေ့ များလာတယ်ပေါ့နော်။ များလာတဲ့အခါကျတော့ ကျောင်းတွေကိုလည်း မူလတန်းကနေ အထက်တန်းအထိကို ပိတ်လိုက်တယ်။ ကျောင်းတွေက မတ်လ ၂ ရက်ကနေပြီးတော့ ဧပြီလ ၆ ရက်နေ့ထိ သူတို့ ပိတ်လိုက်ပါတယ်။ ပိတ်လိုက်တဲ့အတွက်ကြောင့်မို့ လူတွေတော်တော်များများ သွားတာလာတာ နည်းသွားတယ်၊ ရထားတွေ ဘာတွေလည်း ချောင်တယ်၊ အပျော်အပါး သွားတဲ့လူတွေလည်း တော်တော်နည်းသွားတယ်။ အဲဒီတော့ ကလေးတွေ အိမ်မှာနေရတဲ့ အခါကျတော့ စိတ်ပူပြီးတော့ စားစရာ သောက်စရာတွေကို အလုအယက် ဝယ်နေကြတယ်။ ပြီးတော့ ဒီ အားကစားပွဲတော်တွေ စင်တင်ဂီတ Live တွေ လူတွေစုတဲ့ဟာတွေ မှန်သမျှကို မလုပ်ဖို့ အစိုးရက တားလိုက်တယ်ပေါ့နော်။”

ဒီအတောတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် လူနေထူထပ်တဲ့ တိုကျိုမြို့မှာ နှာခေါင်းစည်း Mask တွေ ပြတ်လပ်နေပြီး တစ်ရှူးစက္ကူတွေကိုပါ အပြေးအလွှား ဝယ်နေကြတယ်လို့ ဒေါ်မိုးမိုးအိက ပြောပြပါတယ်။

“လူတွေကြားထဲမှာလည်း စိုးရိမ်စိတ်တွေ ဖြစ်လာပြီးတော့ Mask (နှာခေါင်းစည်း) ဝယ်လို့မရတဲ့ အချိန်မှာ တနေရာကနေပြီးတော့ တစ်ရှူးစက္ကူတွေလည်း ပြတ်လပ်နိုင်တယ်ဆိုတော့ မနေ့က အကုန်လုံးဝယ်ကြတာ။ ကျမတို့ အနီးဝန်းကျင်က ဆိုင်တွေမှာဆိုရင်လည်း မရှိတော့ဘူး။ လူတွေက ပြေးပြီးတော့ ဝယ်ကြတာပဲ။ ဒီလို အမျိုးမျိုးတော့ ပူပန်သောကတွေနဲ့ နေနေကြရတာပေါ့။”

ဂျပန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ စောင့်ကြည့်ကာလအဖြစ် လာမယ့် သီတင်း ၂ ပတ်ဟာ အရေးကြီးကြောင်း မစ္စတာ Abe က ပြောပါတယ်။ ကလေးမိဘတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် လာမယ့် ဂျပန်နွေဦးရာသီ အားလပ်ရက်ကာလမှာ ညနေပိုင်း အချိန်ပိုကျောင်းတွေ အစားထိုး ပြန်ဖွင့်ပေးသွားမယ်လို့လည်း သူကဆိုပါတယ်။

ဂျပန်အစိုးရက နဂိုစီစဉ်ထားတဲ့အတိုင်း လာမယ့် ဇူလိုင်လ တိုကျိုမြို့မှာ ကျင်းပဖို့ရှိတဲ့ နွေရာသီ အိုလံပစ်ပွဲကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ကျင်းပသွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် Shinzo Abe က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

--------------------------------

(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG