သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား Daegu မြို့ခံတွေ အခက်ကြုံ


Mask ဝယ်ဖို့ စောင့်နေကြတဲ့ Daegu မြို့ခံများ
Mask ဝယ်ဖို့ စောင့်နေကြတဲ့ Daegu မြို့ခံများ

(Zawgyi/Unicode)

တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးကြုံနေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ့် အစီအစဉ်တွေ တိုးမြှင့်လာနေပါတယ်။ ကူးစက်မှု အဓိကဖြစ်ပွားနေတဲ့ Daegu မြို့မှာလည်း မြန်မာနိုင်ငံသားတွေအပါအဝင် မြို့ခံတွေ သတိထား သွားလာနေကြရတာပါ။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံထဲ ကူးစက်မှုနှုန်းကျဆင်းလာချိန်မှာ အိမ်နီးချင်းတောင်ကိုရီးယားနိုင်ငံမှာတော့ သောကြာနေ့ည သတင်းတွေအရ ရောဂါကူးစက် ခံရသူအရေအတွက် ၂၃၀၀ ကျော်အထိ တိုးလာပါတယ်။ အများစုဟာ Daegu မြို့က ဖြစ်ပါတယ်။ ကုသမှု ခံယူဆဲ လူနာတချို့ သက်သာလို့ ဆေးရုံက ဆင်းသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး Kim Kang-Lip ကပြော ပါတယ်။

“ဖေဖေါ်ဝါရီ ၂၈ ရက် သောကြာနေ့မနက် (၁၀)နာရီအထိ စာရင်းအရ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၂၂၀၀)ရှိတဲ့အထဲက (၂၆)ဦးက လုံးဝ ပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားပါပြီ။ (၁၃)ဦး သေဆုံး သွားပါတယ်။”

သောကြာနေ့ တရက်ထဲမှာတင် နောက်ထပ် ရောဂါကူးစက်ခံရသူ (၂၆၀)ထက်မနည်း စံချိန်တင် တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောတာပါ။ သောကြာညပိုင်း တောင်ကိုရီးယား သတင်းတွေအရ ရောဂါကူးစက်ခံရသူပေါင်း (၂၃၀၀)ကျော်ထိ တိုးလာပြီး အများစုဟာ Daegu မြို့ကဖြစ် တဲ့အတွက် အနီရောင်အဆင့်ထိ သတ်မှတ်ထားကြောင်း Daegu မြို့မှာနေပြီး ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်လုပ်နေတဲ့ မလှယမင်းအိမ်က VOA ကိုရှင်းပြပါတယ်။

“Daegu ကတော့ အနီရောင်အဆင့်အထိ သတ်မှတ်ထားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကိုရီးယားမှာ ကူးစက်လူနာက ၂၃၃၇ ယောက်အထိ ရှိသွားပြီပေါ့နော် ဒီညအထိ စာရင်းထွက်တာက အခု Daegu တမြို့ထဲမှာပဲ ၁၉၈၈ ယောက်ဖြစ်နေတာဆိုတော့ Daegu မှာတင် ၂၀၀၀ နီးပါးဖြစ်နေတယ်။ အခု Daeguက အဆိုးဆုံးဖြစ်နေတယ်။”

ဒီလိုအရေးပေါ် အခြေအနေကြေညာထားတဲ့ Daegu မြို့က လမ်းမတွေပေါ်မှာ လူအတော်လေး ခြောက်ကပ်သွားတယ်လို့ မိုဘိုင်းဖုန်း အရောင်းဆိုင်ဝန်ထမ်း Jo Kyung Mi ကပြောပါတယ်။

“ အားလုံး တွေ့ကြတဲ့အတိုင်းပါပဲ လမ်းပေါ်မှာ လူတဝက်လောက် လျော့သွားပါတယ်။ လမ်းမှာ လူတွေကို သိပ်မတွေ့ရ တော့ပါဘူး။ လမ်းပေါ်ရှိတဲ့ လူတချို့ကျတော့ သူတို့အစီအစဉ်နဲ့သူတို့ သွားနေကြတာပါ။ ”

စိုးရိမ်စရာ အခြေအနေရင်ဆိုင်နေရတဲ့ Daegu မြို့မှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကတော့ အလုပ်စာချုပ်အရ မဖြစ်မနေ အလုပ် ဆင်းနေရဆဲဖြစ်တယ်လို့ မလှယမင်းအိမ်က ပြောပါတယ်။

“ မြန်မာကတော့ Daegu မှာ ၃၀၀၀ ကျော်လောက်ရှိတယ်လို့ သတင်းရတယ်။ သူတို့ကလည်း နေ့စဉ်အလုပ်လုပ်နေရတယ် စက်ရုံတွေကလည်း မပိတ်ဘူးဆိုတော့ သူတို့ ပြန်ဖို့ မပြန်ဖို့ဆိုတာက ဇဝေဇဝါဖြစ်နေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပျက်ကွက်လို့ မရဘူးဆိုတော့လေ ။ အဲဒီတော့ ရောဂါက ဖြစ်နေတာက ဖြစ်နေတာပဲ လုပ်စရာရှိတဲ့အလုပ်တွေက လုပ်နေရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်နေတယ်။ ကျောင်းသားကျောင်းသူတွေကတော့ ကျောင်းဖွင့်ရက် ၂ ပတ်လောက်နောက်ဆုတ်သွားတယ်။ ညီမတို့ ကျောင်းတက်နေတဲ့လူတွေကတော့ ပြန်သွားကြတယ်ပေါ့နော် မြန်မာပြည်ကို။

မေး။ ။ ဆိုတော့ ညီမ သရုပ်ဆောင်ရတဲ့ ရိုက်ကွင်းတို့ သရုပ်ဆောင်ရမယ့် ကဏ္ဍတွေကျတော့ ဒီလိုဗိုင်းရပ်စ်နဲ့ ရိုက်ခတ်မှုတွေဖြစ်နေတော့ အဲဒီလုပ်ငန်းခွင်အတွက် ဘယ်လိုအခြေအနေ ဆိုက်ရောက်သွားသလဲ။ ဒါမှမဟုတ်ရင် ရပ်ထားရသလား။

ဖြေ။ ။ အကုန်လုံးနီးပါးတော့ နားလိုက်ရပြီ။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကိုရီးယားအစိုးရက အမိန့်ထုတ်လိုက်တယ်လေ။ လူစုလူဝေး လုံးဝမလုပ်ဖို့ဆိုတော့ အဲဒီတော့ ဒီ ကိုရီးယား တနိုင်ငံလုံးမှာ လူစုလူဝေးမဖြစ်အောင် ညီမတို့ ရိုက်ကူးရေးကို နားထားတယ်ပေ့ါနော်။ ဒါပေမယ့် ညီမတို့ ရိုက်ကူးရေးက ကြိုရိုက်ထားတာတွေ များတော့ အခုလောလောဆယ်က ရိုက်ထားပြီးသား အပိုင်းတွေကို လွှင့်နေတာပေါ့နော်။ အခြေအနေကို စောင့်ကြည့်နေရတာပေါ့ ဒါမှမဟုတ်ရင် ညီမတို့ program လည်း ခဏ နားရင်နားမှာပေါ့နော်။ အခုက TV မှာ ကိုရိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေပဲ တင်နေတယ်။ entertainment ဘက်ကို သိပ်မပြဖြစ်ဘူး ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုက်ကူးရေးတွေ အကုန်လုံးနီးပါး နားထားလိုက်ရတော့လေ။”

Daegu မြို့က အထူးစိုးရိမ်ရတဲ့ လူနာတွေကို အခြားမြို့က ဆေးရုံတွေဆီ ပို့ပြီးကုသမှုပေးနေပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံ အပြင်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်လာတာကြောင့် တောင်ကိုရီးယားအစိုးရက ဆရာဝန်တွေနဲ့ သူ့စစ်တပ်ကို ရောဂါ ကူးစက်ခံရတဲ့ဒေသတွေဆီ စေလွှတ်ထားပြီး ကုသမှုနဲ့ ခွဲခြား စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)













XS
SM
MD
LG