မြန်မာပဋိပက္ခ နဲ့ မူးယစ်ဆေးထုတ်လုပ်မှု 

ထိုင်းနိုင်ငံမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗျူရို သတင်းစာရှင်းလင်းပွဲ (ဇန်နဝါရီ ၃ ရက်၊ ၂၀၂၅)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်လုပ် တင်သွင်းတာတွေ ပိုများလာတာ တွေ့ရတယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ၃ လအတွင်းမှာတင် မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ မူးယစ် စိတ်ကြွဆေးပြား ၆၁ သန်းကျော် ဖမ်းဆီး ရရှိခဲ့ကြောင်းနဲ့ ထိုင်းအစိုးရက ပိတ်ဆို့ တားဆီးတာတွေ လုပ်နေတဲ့တိုင်အောင် မူးယစ်ဆေး တင်သွင်းမှုတွေ မရပ်သွားဘဲ ပို များလာတဲ့အကြောင်း ထိုင်းမြောက်ပိုင်း အမှတ် ၅ ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗျူရို သတင်းစာရှင်းလင်းပွဲမှာ အမှတ် ၅ ဒေသ ရဲမှူးကြီး ကစ်ထဖုန်း ရီစကွန် Kritthaphon Yisakorn က သောကြာနေ့က ပြောဆိုသွားတာပါ။

ထိုင်း−မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ထဲမှာ ဒီရက်ပိုင်း ဖမ်းဆီး ရမိတဲ့ ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေးပြား ၆ သန်းနီးပါးကိုလည်း အခုသတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း စစ်ပွဲတွေ ဖြစ်နေတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်တွေ ပိုမို လိုအပ်လာနေတာကြောင့် လက်နက်ဝယ်ဖို့ မူးယစ်ဆေးဝါးတွေကို ပိုမို ထုတ်လုပ်လာနေတာလို့လည်း ရဲမှူးကြီးက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလ အတွင်း ထိုင်း−မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တဲ့ လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့် တပ်တွေကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့တာ ရှိပြီး ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်ခရိုင် တွေမှာ မူယစ်ဆေး ရှာဖွေ ဖမ်းဆီးမှု ၅၂ ကြိမ်ရှိခဲ့တာမှာ စိတ်ကြွဆေးပြား ၆၁ သန်း၊ အိုက်စ်မူးယစ်ဆေး ၂ တန်ကျော် နဲ့ ဘိန်းဖြူ မူးယစ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်း တန်ချိန် ၈၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ရဲမှူးကြီး ကစ်ထဖုန်း ရီစကွန် က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာပဋိပက္ခ နဲ့ မူးယစ်ဆေးထုတ်လုပ်မှု