စီးပွားရေးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုကို လက်မခံပဲ၊ လူတိုင်း မျှမျှတတ အခွင့်အရေးရစေဖို့အတွက် မြန်မာ့စီးပွားရေးမူဝါဒသစ်မှာ ဦးစားပေးဆောင်ရွက်သွားမယ်လို့ စီမံ ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ မြန်မာ့စီးပွားရေးမူဝါဒသစ်ကို မကြာခင် အများပြည်သူကို ထုတ်ပြန်အသိပေးသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ မြန်မာလုပ်ငန်းရှင်များတွေ့ဆုံပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
NLD အစိုးရလက်ထက်မှာ ကျင့်သုံးမယ့် မြန်မာ့စီးပွားရေးမူဝါဒအသစ်မှာ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုကို လက်မခံဘူးလို့ဇွန်လ ၁၃ ရက်ကကုန်သည်စက်မုှအသင်းတွင် ပြုလုပ်တဲ့ လုပ်ငန်းရှင်ရှင်များနဲ့တွေ့ဆုံပွဲမှာ အခုလို စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ကပြောဆိုလိုက်တာပါ။ ဈေးကွက် ယှဉ်ပြိုင်မှု မှာ ပြည်တွင်း လုပ်ငန်းရှင်တွေကို ကာကွယ်တာထက်၊ ထောက်ပံ့ အားပေးခြင်းကို အလေးပေးဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောခဲ့ပါတယ်။
“ကျနော်တို့ စီးပွားရေးလုပ်ငန်းရှင်အားလုံးကို ကျနော်တို့တက်နိုင်သမျှ supporting လုပ်ပါမယ်။ အဲဒီတော့ Protection ဆိုတာထက် ကျနော်ကတော့ Supporting ကို ပိုအားသာပါတယ်။ ကျနော်တို့တွေမှာ ဒီလိုစွမ်းဆောင်ရည်ရှိရင် အကယ်၍များ ဒါလေးကို ဖြည့်ပေးလိုက်ရင် ဘယ်လောက်ထိ speeding ဖြစ်ပြီးတော့ အောင်မြင် သွားမလဲ ဆိုတဲ့ supporting ကိုပိုပြီးတော့ အားသာပါတယ်။ အဲဒီတော့ ကျနော်တို့ လုပ်ငန်းရှင်တွေအားလုံးကို ကျနော်တို့ supporting လုပ်ပါရစေ။ ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အစိုးရဝန်ကြီး အဖွဲ့တွေအသီးသီးတွေမှာလည်းပဲ သူတို့ဒီ သဘောထားကို ထားပါတယ်။ supporting လုပ်ပါမယ် နိုင်ငံအတွင်းမှာရှိတဲ့ အင်အားစုတွေနဲ့ ပြည့်စုံလုံလောက်တဲ့ လုပ်ငန်းတွေရှိနိုင်သလို နိုင်ငံပြင်ပက မိတ်ဖွဲ့အဖွဲ့အစည်းတွေ အင်အားစုတွေနဲ့ ပေါင်းစပ်ပြီးတော့ ကျနော်တို့ လုပ်နိုင်တဲ့လုပ်ငန်းလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒါမျိုးတွေလည်း ကျနော်တို့ ဖန်တီးပေးပါမယ်။ အဲဒီတော့ အဲဒါလေးမူတည်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး policy ကို ကျနော်တို့ ချမှတ်ပေးပါမယ်။”
လက်ရှိအစိုးရလက်ထက်ရေးဆွဲနေတဲ့ စီးပွားရေးမူဝါဒသစ်မှာ တဦးတည်းချုပ်ကိုင်မှုထက်၊ လူတိုင်း တန်းတူအခွင့်အရေးရှိရှိနဲ့ လုပ်ကိုင်စေနိုင်ဖို့ကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့စီမံ/ဘဏ္ဍာဝန်ကြီး ဦးကကျော်ဝင်းက ပြောဆိုလိုက်ပါတယ်။
“စီးပွားရေးမူဝါဒက လောလောဆယ် ဝန်ကြီးအနေနဲ့ ပြောလို့မရသေးဘူးပေါ့။ အတည်ပြုချက်မရသေးလို့ ။ ဒါပေမယ့် မကြာခင်အချိန်တိုအတွင်းမှာ ကြေညာပါမယ်။ ဒီလအတွင်းဖြစ်မှာပေါ့နော် ပြောချင်တာက စီးပွားရေးမူဝါဒက နိုင်ငံသားအားလုံး စီးပွားရေး လုပ်ခွင့်ရတဲ့ စီးပွားရေးမူဝါဖြစ်လိမ့်မယ် ဒါအချုပ်ပဲ။”
ဒီလိုပြောဆိုလိုက်ပေမယ့် ဘယ်လိုမူဝါဒနဲ့လုပ်ဆောင်မလဲ ဆိုတာကိုတိကျစွာချပြခဲ့ခြင်းမရှိပါဘူး။ လုပ်ငန်းရှင်တွေဘက်ကတော့ အခွန် ပြဿနာ၊ ကုန်သွယ်ရေးဆိုင်ရာအခက်အခဲတွေနဲ့ ပြည်တွင်းငွေကြေးခိုင်မာစေဖို့ လုပ်ဆောင်ပေးဖို့ တောင်းဆိုတာမျိုးတွေရှိပေမယ့် ဘယ်လိုဖြေ ရှင်းပေးမလဲဆိုတာကို တိကျစွာအဖြေမပေးခဲ့ပါဘူး။
ဒီနေ့ဝန်ကြီးနဲ့တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး စက်မှုဇုံအသင်းနာယက ဦးမြတ်သင်းအောင်ကတော့ ခုလိုသုံးသပ်ပါတယ်။
“ အခုကတော့ ဝန်ကြီးက အားလုံးနားထောင်သွားပြီ ။ အရှည်ကိုတော့ အမြဲတမ်းအတွင်းဝန်တို့ ၊DG (Director General) တို့ MD (Managing Director) တို့နဲ့ ဘဏ်အကြီးအကဲ တွေ နဲ့ နိုင်ငံခြားပါတီတွေပေါ့လေ အားလုံး ဖိတ်ခိုင်းထားပါတယ်။ သူတို့ကိုယ်တိုင် တိတိကျကျပြောတယ်ဆိုရင်တော့ ပိုပြီးတော့ သူတို့ကိုယ်တိုင် တကယ်လုပ်နေတယ်၊ ကိုင်နေတဲ့လူဖြစ်တဲ့အတွက် စီးပွားရေးသမားတွေအတွက်တော့ ပွင့်ပွင့်လင်းလင်းပြောလာတာကိုမြင်တယ်။ လုပ်ပေးမယ်လို့တော့ အန်ကယ်တို့မျှော်လင့်တယ်။ လုပ်လည်းလုပ်နိုင်ပါလိမ့်မယ်။”
NLD အစိုးရသစ်အနေနဲ့ မြန်မာ့စီးပွားရေးမူဝါဒသစ်ကို ရေးဆွဲနေပြီး မကြာခင်မှာ အများပြည်သူကို ထုတ်ပြန်ပေးမယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကို ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဥကဌအဖြစ်နဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေကြမ်းတရပ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး၊ လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူဖို့ စောင့်ဆိုင်းလျက်ရှိပါတယ်။
Your browser doesn’t support HTML5