သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမယ့် အမေရိကန်ကုမ္ပဏီတွေအတွက် စိန်ခေါ်မှု


ကုန်သည်ကြီးများအသင်းချုပ်မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအနာဂတ်အလားအလာဆိုင်ရာ ဆွေးနွေးပွဲ (ဓါတ်ပုံ-UMFCCI Facebook)

အမေရိကန်အစိုးရဘက်က စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို အတန်အသင့်ဖြေလျှော့လိုက်ပေမယ့်လည်း အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်ဖို့အတွက် စိန်ခေါ်မှုတွေအများကြီးရှိနေသေးတယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်း က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့လည်း အားလုံးပါဝင်တဲ့ စီးပွားရေးတိုးတက်မှုမျိုးဖြစ်လာဖို့ လိုအပ်တဲ့ ကူညီမှုတွေ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

မေလ လယ်ပိုင်းလောက်တုန်းက စီးပွားရေးဆိုင်ရာ ပိတ်လျှော့မှုတွေကို အတန်အသင့်ဖြေလျှော့လိုက်ပေမယ့်လည်း အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကိုဝင်ရောက်လာဖို့အတွက် ငွေလွှဲပြောင်းမှုဆိုင်ရာအပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ အမေရိကန်ကုန်သည်ကြီးများအသင်း၊ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းအရာရှိ John Goyer က အခုလို ပြောဆိုလိုက်ပါတယ်။

“အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်လာဖို့အတွက် ငွေရေးကြေးရေးကဏ္ဍနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေက ကန့်သက်ချက်တွေ၊ လျှပ်စစ်မီးရရှိရေး၊ လူ့အရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်တွေ၊ လုံလောက်တဲ့ ကျွမ်းကျင်ဝန်ထမ်းရရှိရေး၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး စတဲ့ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။”

ဒီနေ့ ရန်ကုန်မြို့ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းချုပ်မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအနာဂတ်အလားအလာဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

အမေရိကန်ကုန်သည်ကြီးများအတွက် မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ အမေရိကန်ကုန်သည်တွေအနေနဲ့ အဓိကအားဖြင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုပြီး စိုက်ပျိုးရေးကဏ္ဍ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံသွားဖို့ရှိတယ်လို့ John Goyer က ပြောပါတယ်။

ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းတွေကို အမေရိကန်ကုန်သည်ကြီးတွေက လုပ်ကိုင်ကြမှာဖြစ်သလို အမေရိကန်အစိုးရရဲ့ ဖွံ့ဖြိုးမှုအေဂျင်စီ USAID ကလည်း လိုအပ်တဲ့အကူအညီတွေကို အရင်ကလည်း ပေးနေသလို နောက်ပိုင်းလည်း ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Mercial က အခုလို ပြောပါတယ်။

“စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ သိသာထင်ရှားတဲ့အကူအညီတွေ ပေးနေတာပါ။ အမေရိကန်ဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့ ပုဂလိကလုပ်ငန်းရှင်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အပါအဝင် စီးပွားရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း ပူးတွဲလုပ်ကိုင်နေပါတယ်။”

ဒီဆွေးနွေးပွဲကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းတို့လည်း တက်ရောက်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ နှစ်နိုင်ငံ စီးပွားရေးလက်တွဲဆောင်ရွက်မှု ပုံမှန်ပြန်လည်ဖြစ်ထွန်းလာစေရေး စတဲ့ အကြောင်းအရာတွေကိုလည်း စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးခဲ့ကြပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG