(Zawgyi / Unicode)
“စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ” လမ်းကြောင်းပေါ်ကို ပြန်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သောင်ပြိုကမ်းပြို ရွေးကောက်ပွဲနိုင် နှစ်ပတ်လည်နေ့မှာ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၉၈ နေရာအနက် ၃၉၆ နေရာကို အနိုင်ရရှိခဲ့ပါတယ်။
“တိုင်းပြည်မှာ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေး၊ လူ့အခွင့်အရေးတွေ လေးစားရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် လှုပ်ရှားနေကြတဲ့ အသက်ပေး ကျဆုံးသွားသူ အပြစ်မဲ့ပြည်သူ ၁,၃၀၀ ကျော် အပါအဝင် မြန်မာပြည်သူ တရပ်လုံးကို ကျနော်တို့ ဂုဏ်ပြုလိုက်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
ဥရောပသမဂ္ဂကလည်း NLD ရွေးကောက်ပွဲနိုင် နှစ်ပတ်လည်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး စစ်ကောင်စီရဲ့ အာဏာထိန်းအစိုးရ အသွင်ဆောင်မှုနဲ့ တရားဝင်မှု မရနိုင်ကြောင်း၊ မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အဆမတန် အင်အားသုံး တိုက်ခိုက်မှုများနဲ့ ရန်လိုမှုများကို ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ အပါအဝင် အားလုံးပါဝင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းသွားပါတယ်။
ပြည်သူလူထုရဲ့ အခွင့်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းနိုင်ဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး အကြမ်းဖက် အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်စနစ် အောက်ကနေ အပြီးတိုင်လွတ်မြောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာတဲ့အထိ လူထုနဲ့အတူ ဆက်လက်အားထုတ် ကြိုးပမ်းသွားမယ့်အကြောင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ကျရောက်တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့မှာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့ နေရာအချို့မှာ ပြည်သူလူထုက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာစစ်တပ်က ဆယ်စုပေါင်းများစွာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ NLD ပါတီက စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်လို့ ပြောကြားပေမယ့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်စစ်ဆေးတဲ့ နိုင်ငံပေါင်းစုံ အဖွဲ့အသီးသီးကတော့ ရွေးကောက်ပွဲက တရားမျှတကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)