သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲတနှစ်ပြည့် NLD ထုတ်ပြန်


ရွေးကောက်ပွဲအောင်နိုင်ရေးအလံ လွှင့်ထူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်များ။ (စက်တင်ဘာ ၈၊ ၂၀၂၀)
ရွေးကောက်ပွဲအောင်နိုင်ရေးအလံ လွှင့်ထူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်များ။ (စက်တင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီနေ့ နိုဝင်ဘာ ၈ ရက်ဟာ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လက်ရှိမှာ အခက်အခဲ၊ အတားအဆီးတွေ ရှိနေပေမယ့်လည်း စစ်အာဏာရှင်စနစ်အောက်က အပြီးတိုင် လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောကြားလိုက်ပါတယ်။ အတားအဆီးတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြိုးစားသွားမှာ ဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦး ပြောပြမှာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတာ ဒီနေ့ နိုဝင်ဘာ ၈ ရက်မှာ ၁ နှစ်ပြည့်ပါတယ်။ ဒီအထိမ်းအမှတ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြေညာချက် ထုတ်ပြန်တာမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော်ကို NLD ပါတီက အနိုင်ရအောင် မဲပေးခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။ မဲစာရင်းမှားတယ်ဆိုတာ အကြောင်းပြပြီး စစ်ခေါင်းဆောင်တချို့က လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို ဥပဒေမဲ့ လုယူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

NLD ပါတီအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အာဏာကို ပြည်သူတွေဆီ ပြန်အပ်နှံနိုင်ဖို့၊ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ်စနစ် ပေါ်ထွန်းလာဖို့ ပြည်သူလူထုနဲ့အတူ တာဝန်ကို ဆက်ပြီး ထမ်းဆောင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာအောင် လုပ်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြောခွင့်ရတဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိအခြေအနေမှာ သိတဲ့အတိုင်းပဲ ကျနော်တို့က ကြားကာလ အနေအထားနဲ့ တော်လှန်နေဆဲ ကာလတွေမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အနာဂတ်ကာလရဲ့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်မယ်ဆိုတာ အတိအကျပြောလို့ မရနိုင်သေးဘူး။ ဒါပေမယ့် ကျနော်တို့ ဒီမှာ NUCC ကနေပြီးတော့ Charter ရေးဆွဲထားပြီးတဲ့အခါမှာ စစ်ကောင်စီမရှိတော့တဲ့ နောက်ပိုင်းအခင်းအကျင်း အပေါ်မှာ မူတည်ပြီးတော့ မြန်မာနိုင်ငံမှာ တကယ့် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ဖို့ရာအတွက် တိုင်းရင်းသားတွေနဲ့ အများဆုံးညှိနှိုင်းပြီး ဆောင်ရွက်သွားရမယ့် အခြေခံလမ်းကြောင်းအတိုင်းပဲ သွားမယ်။ ဘယ်လို အသေးစိတ်တွေဖြစ်မလဲ၊ ဆောင်ရွက်မလဲဆိုတာ အခုအချိန်မှာ ပြောလို့မရသေးဘူးပေါ့။”

လက်ရှိမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီရဲ့ ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရ၊ တရားစွဲဆိုခံနေရပါတယ်။ ဒီလိုအခြေအနေမှာ ပေးတဲ့ကတိအတိုင်း လက်တွေ့လုပ်နိုင်ဖို့ အတားအဆီးတွေကို ဘယ်လိုကျော်လွှားနိုင်မှာပါလဲ။

“ဒီအတားအဆီးတွေ ရှိနေတာကိုလည်း သိတယ်၊ ဒါကြောင့်မို့ ဒီအတားအဆီးတွေ ကြားထဲက ဘယ်လိုကျော်လွှားပြီး ဆောင်ရွက်သွားမလဲဆိုတဲ့ နည်းလမ်းနဲ့ ကျနော်တို့ ဆက်ပြီးသွားနေမှာပါ။ အခုလုပ်နေတာကိုက အတားအဆီးမရှိလို့ လုပ်နေတာ မဟုတ်ဘူး၊ အတားအဆီး ရှိတဲ့ကြားထဲကနေ ကျော်လွှားဆောင်ရွက်နေတာဖြစ်လို့ ကျနော်တို့ အခု အသားကိုကျနေပါပြီ။”

ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းခဲ့တဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲအသစ် လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတချို့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တွေ့ဆုံပြီး လွှတ်တော်ထဲမှာ အချိုးကျကိုယ်စားပြုနိုင်တဲ့ PR စနစ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေပါတယ်။ PR စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ဘူးလို့လည်း စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သောကြာနေ့က တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတချို့ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မတရားဖမ်းဆီးခံရသူတွေ ချက်ချင်းပြန်လွှတ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ဖော်ဆောင်ပေးဖို့ စစ်အာဏာရှင်ကို တောင်းဆိုကြောင်း ရွေးကောက်ပွဲ တနှစ်ပြည့်တဲ့ ဒီနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ လွှတ်တော်က အမတ် ၈၀ ကျော်ကလည်း သူတို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကိုလည်း ထောက်ခံကြောင်း ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားအားလုံးနဲ့ လက်တွဲသွားမယ်လို့လည်း သူတို့ကြေညာချက်မှာ ကတိပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)












XS
SM
MD
LG