အင်ဒိုမြန်မာသံရုံး လုံခြုံရေး အင်ဒိုအာဏာပိုင်များ အပြည့်အဝပူးပေါင်း

အင်ဒို မြန်မာသံရုံးလုံခြုံရေး အင်ဒိုအာဏာပိုင်များအပြည့်အဝပူးပေါင်း

ဆန္ဒပြမှုကန့်ကွက်မှုတွေ အကြီးအကျယ်ကြုံတွေ့နေရတဲ့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးနဲ့ သံအရာရှိတွေကို အင်ဒိုနီးရှားရဲအာဏာပိုင်တွေဖက်က လုံခြုံရေး အပြည့်အဝဆောင်ရွက်ပေးနေ သလို၊ အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာနိုင်ငံသား ၅၀ လောက်အတွက် လုံခြုံရေးတွေအတွက်လည်း ဆောင်ရွက်ပေးထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်အေးက ပြောပါတယ်။ သံအမတ်ကြီး ဒေါ်အိအိခင်အေးကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။

မခင်ဖြူထွေး။ ။ ကျမတို့ကြားထားတဲ့အထဲမှာက ဒီသံရုံးရှေ့မှာ ဆန္ဒပြတဲ့သူတွေရှိနေတယ်။ သံရုံးကို အန္တရာယ်ပေးမယ်လို့ ခြိမ်းခြောက်တာတွေရှိနေတယ်ဆိုတာတွေလည်းကြားနေရတော့လေ လက်ရှိသံရုံးရဲ့လုံခြုံရေးအခြေအနေက ဘယ်လိုများရှိပါသလဲ။

သံအမတ်ကြီး ဒေါ်အိအိခင်အေး။ ။ ကျမတို့ ဒီမှာက အင်ဒိုနီးရှားရဲရော နိုင်ငံခြားရေးရုံးရော နိုင်ငံခြားရေးဝန်ကြီးဌာနမှာ Diplomatic security ဆိုတဲ့ ဌာနတခုလည်းရှိပါတယ်။ ဒီဌာနတွေက ရဲရော နိုင်ငံခြားရေးရုံးရော အင်မတန်မှ ကျမတို့ကို အကူအညီပေးပါတယ်။ ဆိုတော့ ရဲကဆိုရင် ကျမတို့နဲ့ အမြဲတမ်းအဆက်အသွယ်ရှိပါတယ်။ အထူးသဖြင့်ဆိုရင် monotov နဲ့ ပစ်တဲ့နောက်ပိုင်းမှာဆိုရင် သူတို့ပိုတောင်မှပဲ conscious ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတည်းကလည်း ၂၅ ရက်နေ့လောက်ကတည်းကပဲ လုံခြုံရေး ချပါတယ်၊ နောက်ပြီးတော့ အခုနောက်ပိုင်းမှာဆိုရင် ချထားတဲ့ရဲကဆိုရင် ၅၂၃ ယောက်လား -၅၃၂ ယောက်လား အဲဒီလောက်အထိရှိပါတယ်။ သံအမတ်ကြီးအိမ်မှာလည်း ရဲ ၂ ယောက်ကို မနေ့ကစပြီးတော့ လာပြီးချထားပါတယ်။ ဆန္ဒပြတာကတော့ တနေ့လုံးပဲ ဒီနေ့ဆိုရင် ကျမရုံးကိုလုံးဝသွားလို့မရဘူး။ ရဲက ကျမကိုလုံး၀ ကျမကို လာလို့်မရဘူးလို့ပြောထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ပြတာမှာ လူ ၄၀၀o လောက်အင်အားရှိတယ်။ ဒါပေမယ့် အဲဒါကို ၄ ခါခွဲပြီးပြတဲ့သဘောမျိုး ညနေအထိဖြစ်သွားတယ်။ အဲဒီမှာ ရဲတွေက သံဆူးကြိုးတွေနဲ့ barrier gate တွေကာထားတဲ့အခါမှာ ၂ ထပ်ကာထားတယ်။ ကျန်တဲ့ Security arrangement တွေလည်းအများကြီးပါပဲ။ သံရုံးပရဝဏ် လုံခြုံရေး နောက်ပြီးတော့ Personal Security Premises Security ၂ ခုစလုံးကို လုပ်ပေးထားတယ်။

မခင်ဖြူထွေး။ ။၂၅ ရက်နေ့နောက်ပိုင်းကစပြီးတော့ လုံခြုံရေးကို အထူးတိုးမြင့်ထားပေးတာပေါ့နော် ဒါအင်ဒိုနီးရှားအစိုးရဘက်က သံအမတ်ကြီးတို့အနေနဲ့ အင်ဒိုနီးရှားမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကို အခုလိုမျိုးလက်ရှိအခြေအနေမှာ သတိပေးချက်ထုတ်ပြန်တာပဲဖြစ်ဖြစ် တခြားဘာတွေဆောင်ရွက်ပေးနေတာရှိပါသလဲ၊ သူတို့လုံခြုံရေးအတွက်ရော။

သံအမတ်ကြီး ဒေါ်အိအိခင်အေး။ ။လုပ်ထားပါတယ် ကျမတို့က ဒီအင်ဒိုနီးရှားမှာဆိုရင် ဒီ Further Studies လုပ်နေတဲ့ လူတွေရှိပါတယ်။ ဝန်ထမ်းတွေရော၊ တက္ကသိုလ်က ဆရာတွေများတယ်၊ ကျန်းမာရေး ဘက်ကလူတွေလည်းရှိတယ်။ WHO မှာတယောက်ရှိတယ် အဲလိုမျိုးပေါ့နော် ဆိုတော့ လာပြီးတော့ ပညာသင်နေတဲ့လူ တွေဘာတွေဆိုရင် အားလုံးပေါင်း ကျမတို့ အင်ဒိုနီးရှားမှာ မြန်မာနိုင်ငံသားက ၅၀ လောက်ရှိပါတယ်။ ဆိုတော့ ကျမတို့ အဲဒီလူတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန Diplomatic security ဌာနက Director နဲ့ ကျမတို့သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါမှာ သံတမန်တွေရဲ့ လုံခြုံရေးကတော့ အများကြီးလုပ်ပေးထားတယ်။ တော်တော်ကြီးကို ပြည့်စုံပါတယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့ဆီမှာ မြန်မာနိုင်ငံသား ၅၀ လောက်ရှိတယ်၊ အဲဒီလူတွေအတွက်ရောလုပ်ပေးမလားဆိုရင် သူတို့က willingly လိုလိုချင်ချင်ပဲ လုပ်ပေးမယ် ၊ အဲဒီမှာရှိတဲ့ ရဲတွေကို ပြောထားပေးမယ်ပေါ့နော် ဆိုတော့ ကျမတို့ အဲဒါနဲ့ Information ပေးခဲ့တယ်။ ကျမတို့ဆီမှာ ရှိတဲ့ စာရင်းပေါ့နော် သူတို့နေတဲ့ကျောင်းတွေ၊ သူတို့နေရာတွေ လိပ်စာလေးတွေဘာတွေ ကျမတို့ဆီမှာ ရှိတာအကုန်လုံးကို ပေးထားခဲ့လိုက်ပါတယ်။ နောက်ပြီးတော့လည်း တဦးချင်းစီကိုလည်း ဒီ Email address ရှိတဲ့လူတွေကတော့ များပါတယ်။ တချို့လည်း ဖုန်းရှိတယ်ပေါ့ အဲဒါအကုန်လုံးကို ဆက်သွယ်ပြီးတော့ သတိရှိကြဖို့ပေါ့နော် သွားတဲ့လာတဲ့အခါမှာ သတိရှိဖို့ ကိုယ်နေတဲ့နေရာနားမှာရှိတဲ့ အရေးပေါ်ဖုန်းနံပတ်တွေကို ယူထားဖို့ ကျမတို့ အဲဒီနှိုးဆော်စာလေးလည်းထုတ်ထားပါတယ်။

မခင်ဖြူထွေး။ ။ဟုတ်ကဲ့ ဒီကနေ့ ဆန္ဒပြသူတွေနဲ့ သံရုံးတာဝန်ရှိသူတွေ တွေ့တယ်လို့လည်း သိရပါတယ်ရှင့် ဘာတွေအဓိက ဆွေးနွေးဖြစ်တာပါလဲ။

သံအမတ်ကြီး ဒေါ်အိအိခင်အေး။ ။ကျမတို့ကတော့ တကယ်တန်းတော့ ဆန္ဒပြတဲ့ဟာတွေမှာ များသောအားဖြင့်ကတော့ ခေါ်တွေ့တဲ့ဟာတွေဆိုရင် သူတို့အမြဲတမ်း ဆန္ဒပြပြီးရင် တချို့လည်းဆန္ဒပြအော်ပြီးတော့ ပြန်သွားကြတယ်။ တချို့ကျတော့ ဘာလဲဆိုရင်ဆန္ဒပြပြီးရင် ခေါင်းဆောင်ကလာပြီးတော့ သူတို့ Statement ပေးချင်ပါတယ်ဆိုပြီး ကျမတို့ဆီကို လာတယ်။ လာတဲ့အခါ ရဲကခေါ်လာတယ် ရဲရှေ့မှာပဲ သူတို့စာရွက်ကိုပေးတယ်ပေါ့နော်။ အဲဒီတော့ ကျမတို့က ဘာလုပ်သလဲဆိုရင် ကျမတို့ဘက်က ကျမတို့ရပ်တည်ချက်ကို background information ကို ကျမတို့ စာရွက်ကလေးနဲ့ ပြုစုထားလိုက်တယ်။ သူတို့ကတော့ ပြောတာတွေတော့ အမျိုးစုံရှိတာပေါ့လေ၊ ပြောတာတော့ အကောင်းဘက်ကတော့ ဘာမှတော့ သိပ်မပါပါဘူး။ ဒါပေမယ့် ကျမတို့လည်း ပြန်ပြီးတော့ ရှင်းနိုင်တဲ့ဟာကို ရှင်းတယ်၊ ပြောပြတယ်၊ ပြီးရင် ဖတ်ကြည့်ပါ ကျမတို့ ဘက်က ရေးထားတဲ့ information ကိုလည်း ဖြတ်ကြည့်ပါဆိုပြီးတော့ အဲဒါကိုတော့ ပြန်ပေးလိုက်တာပေါ့နော်

မခင်ဖြူထွေး။ ။လက်ရှိသံရုံးကတော့ ဖွင့်ထားတာပေါ့နော်။

သံအမတ်ကြီး ဒေါ်အိအိခင်အေး။ ။ဖွင့်ထားပါတယ် အခုကတော့ အဆိုးဆုံးအခြေအနေပေါ့လေ။

သံအမတ်ကြီး ဒေါ်အိအိခင်အေးကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

Your browser doesn’t support HTML5

အင်ဒိုမြန်မာသံရုံး လုံခြုံရေး အင်ဒိုအာဏာပိုင်များ အပြည့်အဝပူးပေါင်း