ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေမှာ အကြီးအကဲတွေအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အကြီးတန်း အရာရှိ ၇ ဦးကို EU ဥရောပ သမဂ္ဂ က ဇွန်လ ၂၅ ရက်နေ့မှာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ အခုလို ပစ်မှတ်ထား အရေးယူတာဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးမှာ အထောက်အကူပြုနိုင်ရေး အတွက်ဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အခု ဇွန်လ ၂၅ ရက် ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် ၂၀၁၅ ခုနှစ် သြဂုတ်လ ကနေ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ နောက် ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်နဲ့ ရဲချုပ် သန့်ဇင်ဦးတို့ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာတော့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ် အဆောက်အအုံတွေကို အကွက်ကျကျ မီးရှို့ ဖျက်ဆီးခဲ့မှုတွေလည်း ပါတယ်လို့ EU ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လကုန်က လုံခြုံရေးကင်းစခန်း ၃၀ ကို ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခဲ့ကြတာပါ။ အခုလို လူအစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အကြောင်းရင်းဟာ မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ကျူးလွန်မှုတွေကြောင့်လို့ ဥရောပသမဂ္ဂက ရှုံ့ချ အပစ်တင်ခဲ့သလို မြန်မာစစ်တပ် အကြီးတန်းတာဝန်ရှိသူတွေ အပေါ်ပစ်မှတ်ထား အရေးယူဖို့ ၂၀၁၈ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ဥရောပသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုကျူးလွန်သူတွေနဲ့ ဒီလိုလူ့အခွင့်ရေးချိုးဖေါက်မှုတွေအတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်အောင်အပြင် လူသားချင်းစာနာမှု အကူညီတွေ မပေးနိုင်အောင် တားဆီးနှောက်ယှက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေက ကျူးလွန်သူတွေကို ဥရောပသမဂ္ဂက ပစ်မှတ်ထား အရေးယူဖို့ ဧပြီလ၂၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့တာပါ။
ဒီဆုံးဖြတ်ချက်အရ ဇွန်လ ၂၅ ရက်နေ့မှာတော့ လူ့အခွင့်ရေး ပြင်းပြင်းထန်ထန် ချိုးဖေါက်သူတွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်ခဲ့တယ် လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini ကပြောပါတယ်။
"ကျမတို့ ဒီနေ့မနက်ထုတ်ပြန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ပစ်မှတ်ထားချမှတ်တယ်ဆိုတာ မှန်ပါတယ်။ ကျမတို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပုံက တဆင့်ပြီးတဆင့်ဖြစ်ပြီး ပြန်ရုတ်သိမ်းပေးနိုင်အောင်လည်း ချမှတ်တာဖြစ်ပါတယ်။ ဒီတကြိမ်ချမှတ်တာလည်း ဒီမူအတိုင်းပါပဲ ကျမတို့အနေနဲ့ တဖတ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုမျိုးလို ပေးနိုင်တဲ့ ဖိအားကိုသုံးသလို တချိန်တည်းမှာပဲ အခြေအနေအရပ်ရပ်ကို မျက်ခြေမပျက်ပါဘူး။ ဒီနေရာမှာ နုနယ်သေးတယ်လို့ ဆိုရမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့အချက်က အရေးကြီးပါတယ်။ ဒီမိုကရေစီ ရည်မှန်းချက်တွေ စံထားချက်တွေကို မပျောက်ပျက်စေဖို့ပါပဲ။ ဒါ့အပြင် နိုင်ငံတကာလူ့အဖွဲ့အစည်းနဲ့အတူ EU က ရိုဟင်ဂျာတွေအပေါ် ပိုမိုကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လက်မှတ်ရေးထိုးထားတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်လက်ခံရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်ဆိုတာကို ခံယူပါတယ်။"
အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေဌာနေပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အာဏာပိုင်တွေနဲ့ သာမက အိန္ဒိယလို ဒေသတွင်းမိတ်ဆွေတွေနဲ့ လည်း အီးယူက အမြဲဆွေးနွေးတိုင်ပင်လုပ်ဆောင်နေတာဖြစ်ပြီး အခုအရေးယူမှုက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ထိထိရောက်ရောက် အကောင်ထည် ဖေါ်နိုင်ဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။
"အားလုံးကို အသိပေးလိုတာက ဒီကနေ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာဟာ ဖိအားပေးရုံသာမက လက်တွေ့အရေးယူဆောင်ရွက်ပြလိုက်တဲ့အချက်ပါပဲ။ ကျမ ရှင်းရှင်းပြောလိုတာက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာဟာ သဘောတူညီမှု လက်မှတ်ရေးထိုးထားတာကို အကောင်အထည်ဖော်ရာမှာ ထိထိရောက်ရောက်လုပ်ကိုင် နိုင်ဖို့ အခုလို ကန့်သတ်မှုတွေ ချမှတ်လိုက်တယ်ဆိုတဲ့ အချက်ပါပဲ ၂ နိုင်ငံသဘောတူစာချုပ်ကို နိုင်ငံအဆင့်မြင့်အရာရှိတွေက အတည်ပြုလက်မှတ်ရေးထိုးခဲ့တာဖြစ်တဲ့အတွက်ကြောင့်လည်း အပြည့်အ၀ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။"
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွါသူတွေ ပြန်လည်လက်ခံရေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ၂၀၁၇ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကတည်းက စတင် လက်ခံဖို့ တရားဝင် ကြေညာခဲ့ပေမယ့် ခုချိန်ထိတရားဝင်မလာကြသေးပါဘူး။ ဒါ့ကြောင့် နေရပ်စွန့်ခွါသူတွေ ကိစ္စ ပိုမိုမြန်ဆန်လာအောင် အီးယူက အခုလို အရေးယူမှုနဲ့ တွန်းအား ပေးခဲ့တာဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်း လုံခြုံရေးတပ်တွေရဲ့ ရခိုင်ပြည်နယ်အပြင် ကချင်နဲ့ ရှမ်းပြည်နယ်တွေထဲမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေကို ဥရောပကောင်စီက အနီးကပ်စောင့်ကြည့်နေသလို အရေးယူ လုပ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး ပြန်လှန်သုံးသပ်မှုတွေကို ပုံမှန်ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ အသုံးအဆောင် တင်ပို့မှုတွေအပေါ် တားမြစ်ချက်ကို ဥရောပသမဂ္ဂ (EU) က ဧပြီလ ၂၆ ရက်နေ့ တုန်းက နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့တာ ဖြစ်ပြီး စစ်လက်နက်တွေ၊ ပြည်တွင်းက ဖိနှိပ်မှုတွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ၊ စစ်တပ်ကို သင်တန်းပို့ချမှုတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေကို စောင့်ကြည့်နိုင်တဲ့ ကရိယာတွေကို တင်ပို့မှုပါ တားမြစ်ခဲ့တာပါ။ အခု EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံရတဲ့ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေက အရာရှိ ၇ ဦးအတွက် သူတို့ရဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်မှာဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ ပိုင်ဆိုင်မှုတွေ ရှိရင်လည်း ထိန်းချုပ် ခံရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် မောင်မောင်စိုးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားအရေးယူမှုကိုလည်း ခံနေရတာပါ။ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူ တချို့ကိုလည်း အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ကြောင်း ပြောဆိုထားသလို ဇွန်လ ၂၅ ရက်နေ့မှာပဲ စစ်တပ်အရာရှိကြီးတဦးကို တဦးကို တပ်မတော်ကနေ အပြီးအပိုင် ထုတ်ပယ်ခဲ့ပြီး တဦးကိုတော့ မိမိဆန္ဒအလျှောက် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5