မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးမှုနဲ့ကြုံ

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီဖြည့်ဖို့ စောင့်ဆိုင်းနေတဲ့ မော်တော်ဆိုင်ကယ်ယာဉ်မောင်းများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စက်သုံးဆီ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတဲ့ နယ်ခံတွေက ပြောကြပါတယ်။ စက်သုံးဆီရဖို့ အချိန်ကြာ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိသလို၊ ဝယ်မရတဲ့အထိ ကြုံရသူတွေလည်း ရှိနေတာပါ။ စက်သုံးဆီ အခက်အခဲနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပြင် တခြားမြို့တွေမှာလည်း ဒီရက်ပိုင်းထဲ စက်သုံးဆီပြတ်လပ်တာနဲ့ လိုသလောက်ဝယ်မရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက စက်သုံးဆီ လိုသလောက်ဝယ်မရတော့ဘဲ အကန့်အသတ်နဲ့သာ ရောင်းပေးနေတယ်လို့ ဝယ်ယူခဲ့သူတဦးက ပြောပါတယ်။

"ဒီရက်ထဲကတော့ ဆီက မရတာများတယ်။ ဒီနေ့မတိုင်ခင် ရှေ့ ၂ရက်လောက်ကတော့ Limit နဲ့ ရောင်းပေးတယ်ဗျာ။ တစီးကို ၃သောင်းဖိုးလောက် ရောင်းပေးတယ်။ အဲထက်တော့ ပိုမရောင်းဘူး။ အဲလိုမျိုးက ပြီးခဲ့တဲ့ ၁ရက်၊ ၂ရက်လောက်က ရခဲ့တယ်ဗျ။ အဲဒီရက်ရှေ့ ၅ရက်လောက်မှာ ပြတ်သွားသေးတယ်။ ဒီနေ့လည်း ပြတ်ပြန်ပြီ။ ဒီနေ့မရဘူး။"

ဆီဆိုင်တွေမှာ ကိုယ့်အလှည့်ရောက်လာဖို့ တန်းစီစောင့်ဆိုင်းရတာ ရှိသလို၊ လိုချင်တဲ့ဆီ အမျိုးအစား မရတာမျိုးလည်း ကြုံနေရတယ်လို့ ပြောပါတယ်။

"ကားတန်းအရှည်ကတော့ သိပ်မစီရပါဘူး၊ ၁၅ စီး - ၂၀ ဒီလောက်ပါပဲ။ တချို့တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အပြင်ကိုမထွက်တော့တာ။ 92 လောက်ပဲရတယ်၊ ကျန်တဲ့ဆီတွေ မရဘူးခင်ဗျ။ ကျနော်နဲ့နီးစပ်ရာ အခု BOC နဲ့ အနီးတဝိုက်ဆိုရင်တော့ ဒီနေ့က 92 တခုပဲရတယ်။ မရတာကများတယ်။ ဆီဈေးကတော့ ပုံမှန်ပဲခင်ဗျ။ ပြီးခဲ့တဲ့ ၁၅ ရက်လောက်က နှုန်းထားအတိုင်းပါပဲ။"

မန္တလေးမြို့မှာတော့ ဆီဝယ်ယူနိုင်ဖို့ကို နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ အခုလို ဆီပုံမှန်မဝယ်ယူနိုင်တာ ရက်ကြာလာပြီး၊ ဒီကနေ့အထိ ပုံမှန်ပြန်မဖြစ်သေးဘူးလို့ ကိုယ်တိုင်တန်းစီနေသူ တဦးက ပြောပါတယ်။

"ထုံးစံအတိုင်း ကျပ်မြဲကျပ်ပဲ။ ဒီနေ့နဲ့ဆို ၄ရက်ရှိသွားပြီ။ လိုသလောက် မပေးဘူးခင်ဗျ။ ၃သောင်းဖိုးပေးတယ်။ တခါတလေကျတော့လည်း ၅သောင်းပေးတယ်။ အဲထက်တော့မပိုဘူး။ ဘာဖြစ်နေလဲဆိုတော့ ကိုယ်တန်းစီရတာကိုက ကားဆိုရင် ၃သောင်းဖိုးပေးရင် ဆီက ၁သောင်းလောက် ကုန်သွားတယ်လေ။ မောင်းပြီးသွားရတာဆိုတော့ ၁သောင်းဖိုးလောက်က တန်းစီရင်းကုန်တာပဲ။ ၅သောင်းဖိုးပေးတော့လည်း ၄သောင်းလောက်ရတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ အပြင်မှာကတော့ ဒီနေ့ဆို ဆီတလီတာကို ၇,၀၀၀ လောက် ရောင်းနေကြတယ်။ အဲဒီအပြင်ဆီတွေက မသန့်ဘူးဗျ၊ အရောအနှောများတယ်။ တန်းစီဝယ်ရတဲ့ ဆီဆိုင်နှုန်းထားက ဒီနေ့ဆို 92 ကို ၂,၇၁၀ ခင်ဗျ။ ဟိုတနေ့က မိတ္ထီလာကနေ ပြန်လာတာ၊ မိတ္ထီလာမှာတော့ ချောင်တယ်ဗျ။ မိတ္ထီလာမှာက ဆီရတယ်။ အခုဖြစ်နေတာက မန္တလေးမှာက တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာဗျ။ အခုဆို မနက် ၄နာရီ ထတန်းစီရတဲ့ ဘဝတွေရောက်နေတာ။"

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ စက်သုံးဆီပြတ်လပ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို မယုံကြဖို့နဲ့ ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီသုံးစွဲနိုင်ဖို့ကို သီလဝါဆပ်ကမ်းမှာ ကြိုတင်သိုလှောင်ထားကြောင်း ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ လလယ်ကစ နိုင်ငံအနှံ့ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံတာတွေ ရှိခဲ့တာကြောင့် သီလဝါ ဆိပ်ကမ်းက ပုံမှန်လုပ်ငန်းတွေမှာ ကြန့်ကြာမှု၊ ဆီတင်ယာဉ်တွေ လမ်းခရီး အခက်အခဲတွေကြောင့် အနည်းငယ် နှောင့်နှေးမှုတွေ ရှိနေတာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီအတွက်လည်း စိုးရိမ်မှုမဖြစ်ကြဖို့နဲ့ လိုအပ်တာထက် ပိုမိုဝယ်ယူ စုဆောင်းတာတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးမှုနဲ့ကြုံ