ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာရှိတဲ့ နေအိမ်တလုံးကို ထိုင်းအထူးနိမ်နင်းရေး ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး လူသတ်မှုနဲ့အလိုရှိနေတဲ့ မြန်မာနိုင်ငံသား ငါးဦးကို ဖမ်းဆီးခဲ့ကြောင်း ဇွန်လ ၅ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူသတ်မှုကျူးလွန်ခဲ့သူတွေဟာ ၁၉၉၉ခုနှစ်ကာလက နာမည်ကြီးခဲ့တဲ့ God's Army တပ်ဖွဲ့ဟောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်၊ ထောင်ပါပွန်း မြို့နယ်၊ ပီလော့ကျေးရွာ နေအိမ်တလုံးအတွင်းကို ထိုင်းအထူးနိမ်နင်းရေး ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး နေအိမ်အတွင်းက လူသတ်မှုနဲ့ အလိုရှိနေတဲ့ မြန်မာနိုင်ငံသား ငါးဦးကိုဖမ်းဆီးလိုက်တာပါ။
ဖမ်းဆီးလိုက်တဲ့ အသက် ၃၀ နဲ့ ၂၀ကျော်အကြားရှိကြတဲ့ အဲဒီ မြန်မာလူငယ် ၅ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ဆာခွန်းပြည်နယ်မှာ မြန်မာနိုင်ငံသား မျိုးအောင် ဆိုသူကို သူနေထိုင်နေတဲ့ စမွတ်ဆာခွန်း ပြည်နယ်၊ ကထုန့်ဘင်မြို့နယ်က တိုက်ခန်းတခုမှာ သတ်ဖြတ်သွားသူတွေဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။
အဲဒီနေအိမ်ကို လူသတ်မူကျုးလွန်ခဲ့တဲ့သူ ၅ ဦးက ကားတစ်စီးနဲ့ရောက်လာပြီး ဖမ်းစီးသွားပြီးနောက် သတ်ဖြတ်ကာ အလောင်းကို လမ်းဘေးတနေရာမှာ စွန့်ပစ်သွား ခဲ့တဲ့အမှုနဲ့ပါတ်သက်ပြီး ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေအရ လိုက်လံ စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းမိ တရားခံတွေထဲက တချို့ဟာ တချိန်က ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်လှုပ်ရှားခဲ့တဲ့ ဘုရားသခင်တပ်မတော် (God's Army) က တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တယ်လို့လည်း ထိုင်း အမှတ် (၇) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို အမှတ် (၇) ဒေသမှာ ပြုလုပ်ခဲ့တာမှာ ရဲဗိုလ်ချုပ် ထနာယု ဘုထိကျလန်ဝုန်က အခုလို ပြောကြားခဲ့ပါတယ်။
“ယခုဖမ်းဆီးနိုင်ခဲ့တဲ့ မြန်မာ ၅ဦးထဲမှာ God’s Army ဘုရားသခင်တပ်ဖွဲ့ဝင်ဟောင်းတွေ ပါနေတာတွေ့ရပါတယ်။ သူတိုတွေဟာ နယ်မြေအတွင်းမှာ ဒုစရိုက်ဂိုဏ်းပုံစံမျိုး လှုပ်ရှားနေတာဖြစ်လို့ မြန်မာနိုင်ငံသားတွေသာမက ထိုင်းလူမျိုးတွေအတွက်ပါ အန္တရယ်ရှိနေတာကြောင့် အခုလို အထူးနိမ်နင်းရေးတပ်ဖွဲ့ကို စေလွတ်ပြီး ဖမ်းဆီးခဲ့ရတာပါ။ သူတို့တွေဟာ မြန်မာနိုင်ငံထဲ တိမ်းရှောင်ဖို့ လုပ်နေတုန်းမှာ ဖမ်းနိုင်ခဲ့တာဖြစ်ပြီး၊ တခြား သူတို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ နောက်ထပ် ၄ ဦးကိုလည်း ရှာဖွေဖမ်းဆီးဖို့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အမိန့်ပေးထားတယ်” လို့ ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ။
ဖမ်းမိသူတွေရဲ့အစစ်ခံချက်အရ အသတ်ခံရသူဟာ သူတို့အဖွဲ့ဝင်ရဲ့ဇနီးကို မုဒိမ်းကျင့်ခဲ့လို့ ကလဲ့စားချေတာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ ဘုရားသခင်တပ်မတော်ဟာ လွန်ခဲ့တဲ့ ၁၉၉၉ခုနှစ်က မြန်မာသံရုံးကို ကျောင်းသားတွေ ဝင်ရောက်စီးနင်းစဉ်က သူတို့နယ်မြေမှာ ခိုလှုံခွင့်ပေးခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းကိုအသက် ၁၂ ခန့်ရှိတဲ့ ကရင်တိုင်းရင်းသား အမွှာညီအကို ၂ ဦးက ဦးဆောင်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေကို အရက်သောက်ခွင့်မပေးတာ၊ သူတပါးသားမယား ပစ်မှားတာမျိုးမလုပ်ဖို့ စည်းကမ်းတင်းကြပ်စွာ ချမှတ် အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကာလတွေတုန်းကလည်း ထိုင်းဘက်မှာ နယ်မြေလုံခြုံရေး တင်းကြပ်ခဲ့သလို မြန်မာဘက်ကလည်း အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တာကြောင့် ကစဉ့်ကလျားဖြစ်ပြီး ဘုရားသခင်တပ်မတော်ဟာ နလံမထူနိုင်ပဲ ပြိုကွဲသွားခဲ့ရပါတယ်။ အခုလူသတ်မှုကျူးလွန်သူတွေထဲမှာတော့ အဲဒီ တပ်ဖွဲ့ဝင်ဟောင်းတွေ ပါဝင်တယ်လို့ထိုင်းဘက်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5