ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အားပေးကူညီဖို့ မြန်မာအစိုးရတိုက်တွန်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာနေတဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေကို အားပေးကူညီဖို့နဲ့ မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချဖို့လည်း မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် သိန်းနဲ့ချီပြီး ထွက်ပြေးခိုလှုံခဲ့ကြတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ကတော့ ဒီကနေ့ပဲ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ အစွန်းရောက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြစ်တင်ပြောဆိုလိုက်သလို၊ မြန်မာအစိုးရ အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ နန်းလောဝ် က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်သလို၊ မြန်မာနိုင်ငံ အနေနဲ့လည်း စိုးရိမ်ကြောင်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ပါဝင်ပံ့ပိုးတာဟာလည်း အကောင်းဆုံး ကူညီရာရောက်ကြောင်း ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ သြဂုတ်လ ၂၅ ရက်နေ့နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး တပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုရဲ့ လုပ်ရပ်တွေကြောင့် ပဋိပက္ခတွေ ကြီးထွားခဲ့ရတာကိုလည်း ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းခဲ့တာပါ။ ရခိုင်ပြည်နယ်က အခြေအနေကြောင့် သိန်းနဲ့ချီထွက်ပြေးနေရတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ် Sheikh Hasina ကတော့ ဒီကနေ့ပဲ ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့သလို၊ မြန်မာအစိုးရကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

“အခုဖြစ်ရပ်ကို ကျုးလွန်သူတွေအပေါ်မှာလည်း ကျမအနေနဲ့ ရှုတ်ချပါတယ်။ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတယ်၊ ၁၃၅ ယောက် သေပါတယ်။ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဒီလူတွေရဲ့ လက်ချက်ကြောင့် အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်၊ ဒါတွေကို ရပ်ရပါလိမ့်မယ်။ တချိန်တည်းမှာပဲ မြန်မာအစိုးရ အနေနဲ့ အခြေအနေကို စိတ်ရှည်လက်ရှည် ကိုင်တွယ်ဖို့ လိုပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို သာမာန်လူထုအပေါ် တိုက်ခိုက်တာမျိုး ခွင့်မပြုသင့်ပါဘူး။ အမျိုးသမီးတွေ၊ ကလေးတွေ၊ အပြစ်မဲ့ပြည်သူတွေအနေနဲ့ ဘာရာဇဝတ်မှုမှ ကျုးလွန်ခဲ့ကြတာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ARSA အစွန်းရောက် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချိန်နဲ့ အချိန်ကိုက် ကျုးလွန်ခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က ဦးဆောင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ၊ အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ သိန်းနဲ့ချီထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြောဆိုနေကြတာပ။ါ ဝါရှင်တန် အခြေစိုက် Carnegie Endowment for International Peace က နိုင်ငံရေးအကဲခတ် Vikram Nehru ကတော့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးနေရတာဟာ ARSA အစွန်းရောက်အဖွဲ့ထက်၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် ထွက်ပြေးရတဲ့သူက ပိုများတယ်လို့ သုံးသပ်ပါတယ်။

“ARSA ဟာ အဖွဲ့ငယ်လေး တခုပါ၊ လတ်တလောမှာလည်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့မျိုး မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို အလုံးအရင်းနဲ့ ထွက်ပြေးနေရတာဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ လုပ်ရပ်ကြောင့်ပါ။ ARSA နဲ့ ဘာမှ မဆိုင်ပါဘူး။”

မြန်မာအစိုးရကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ဆင်ရေးမှာ ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ တည်ငြိမ်မှုရရှိရေး ကြိုးပမ်းရာမှာ အပြစ်မဲ့ပြည်သူတွေ မထိခိုက်အောင် ဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်း ကြေညာချက် မှာ ဖော်ပြထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ရင်လည်း တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အားပေးကူညီဖို့ မြန်မာအစိုးရတိုက်တွန်း