COVID-19 အဖြစ်အများဆုံးအင်းစိန်မြို့နယ်မှာ ကျန်းမာရေးစစ်တမ်း ကောက်ယူ

အင်းစိန်မြို့နယ်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူနေတဲ့ မြင်ကွင်း (မေ ၀၆၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါပိုး ဓါတ်ခွဲရလဒ်အဖြေအများဆုံး ရှိနေတဲ့ အင်းစိန်မြို့နယ်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူနေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓါတ်ခွဲစမ်းသပ်ပြီး ရောဂါပိုးရှိကြောင်းအဖြေထွက်သူ အရေအတွက်က ဒီနေ့ မွန်းလွဲပိုင်းအထိ စုစုပေါင်းက ၁၆၁ ဦး ရှိနေပြီး အဲဒီစာရင်းအရ ရန်ကုန်တိုင်းမှာတင် ရောဂါပိုးတွေ့ရှိသူ ၁၂၆ ဦး ရှိနေပါတယ်။ အဲ့ဒီထဲကမှ အင်းစိန်မြို့နယ်က ၂၉ ဦးနဲ့ အများဆုံးပါ။ ဒီအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အထူးစီမံချက်အနေနဲ့ အင်းစိန်မြို့နယ်တွင်း တအိမ်တက်ဆင်း ကျန်းမာရေးစစ်တမ်းကောက်ယူနေတာဖြစ်ပါတယ်။

လူဦးရေ ၅၀,၀၀၀ လောက်ရှိတဲ့ အင်းစိန်မြို့နယ်မှာ အခုလို ကျန်းမာရေးစစ်တမ်း ကောက်ယူတာနဲ့ တပြိုင်တည်း ဖျားနာကုသမှုတွေကိုပါ ဆက်လုပ်သွားမယ်လို့ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က VOA ကို ပြောပါတယ်။

SEE ALSO: တရုတ်နိုင်ငံက ပြန်ဝင်လာသူတွေ COVID-19 စောင့်ကြည့်ဖို့ ရခိုင်မှာ ဝန်ထမ်းမလုံလောက်

"စီစဉ်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်း ၂၀၀ လောက်ပါတယ်။ Volunteer က ၄၀၀ လောက်ပါတာပေါ့နော်။ အဲ့တော့ အဖွဲ့ ၂၀၀ ဖွဲ့လိုက်တယ်။ တစ်ဖွဲ့ကို ၃ ယောက်နှုန်းနဲ့ပေါ့နော်။ သူ့အပိုင်အလိုက် လမ်းအလိုက်ကို တာဝန်ယူပြီးတော့ ကျန်းမာရေးစစ်တမ်းလိုက်ကောက်ကြတာပေါ့နော်။ ကိုယ်ပူချိန်မြင့်နေတဲ့သူ မှန်တယ်၊ ရှိတယ်ဆိုလိုရှိရင် ဒါတွေကို ရိုးရိုးကိုယ်ပူတယ်ဆိုရင်တော့ Fever Clinic လောက်ကို လွဲပြောင်းပြီးတော့ ကုသမှုလုပ်မယ်၊ နှစ်ချက်လောက် တွေ့တယ်ဆိုရင်တော့ အရေးပေါ် အခြေအနေနဲ့ ဆိုရင်တော့ အင်းစိန်ဆေးရုံကြီးကို လွဲပြီးတော့ ကုသ စစ်ဆေးမှုတွေ လုပ်မယ်ပေါ့နော်။”

ကျန်းမာရေး စစ်တမ်းကောက်ယူတာကနေ Fever Clinic တွေကို ပို့ရတဲ့သူတွေ ရှိသလို အင်းစိန်ဆေးရုံကြီးကို ပို့ရမယ့်လူတွေလည်း ရှိနေပါတယ်။ စာရင်းအတိအကျကိုတော့ မသိရသေးပါဘူး။

COVID-19 ရောဂါကာလမှာ သာမာန် ဖျားနာတာတွေကို ကုသပေးနိုင်ဖို့အတွက် Community Fever Clinic တွေကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့တွေက ကိုယ်ပူချိန် မြင့်တာလောက်၊ ချောင်းဆိုးနှာချေတာလောက်နဲ့ ဆေးခန်းကို မလာကြတဲ့အတွက် ရောဂါပိုး တွေ့ရှိမှုများတဲ့ အင်းစိန်မြို့နယ်မှာ တစ်အိမ်တက်ဆင်း ကျန်းမာရေး စစ်တမ်း ကောက်ယူနေတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ခုလိုပြောပါတယ်။

“ဘယ်လောက်ထိ ထိရောက်မှု ရှိနိုင်လဲဆိုတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ ဒီ Fever Clinic တွေမှာ ဆိုလို့ရှိရင် တစ်ရက်ကို လာပြတာ ၅၀ နဲ့ ၆၀ ကြားထဲမှာ ရှိတယ်လေ။ အဲ့ဒီကနေပြီးတော့ ခြေရာခံမိတဲ့ Case တွေလည်း ရှိတယ်။ ဆိုတော့ ရောက်လာတဲ့သူတွေကလည်း ဖျားတာ၊ နာတာတွေရှိလို့ ပြီးရင် သူတို့ဟာသူတို့ အဲ့လိုမျိုးပေါ့။ အနံ့အရသာပျောက်လို့ လာတဲ့သူတွေ ရှိတယ်။ တစ်ခါတစ်လေကျတော့ အဲ့ဒါတွေကို မသိဘဲနဲ့ အိမ်မှာပဲ နေလိုက်တဲ့သူလည်း ရှိကောင်းရှိမယ်လေ။ အဲ့ဒါကို အိမ်တိုင်ရာရောက် ခြေရာခံတဲ့ သဘောပေါ့။”

အင်းစိန်မြို့နယ်က Fever Clinic မှာ မေလ ၅ ရက်နေ့အထိ လာရောက်ပြသတဲ့ လူနာစုစုပေါင်း ၉၀၀ ကျော်ရှိပြီးတော့ ရောဂါပိုးတွေ့ရှိခဲ့သူက ၅ ဦး ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အထူးစီမံချက်နဲ့ အိမ်တိုင်ယာရောက် စစ်တမ်းကောက်တာမျိုးကို လတ်တလောမှာတော့ အခြားမြို့နယ်တွေမှာ လုပ်ဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ အခုလုပ်တဲ့ထိရောက်မှုကို ကြည့်ပြီး ဆက်လုပ်သင့်မသင့် စဉ်းစားဆုံးဖြတ်သွားမယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက VOA ကို ပြောပါတယ်။

လတ်တလော အချိန်ထိ ရောဂါပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်ခဲ့သူ စုစုပေါင်းက ၉,၀၀၀ ကျော် ရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး တွေ့ရှိရသူ စုစုပေါင်က ၁၆၁ ဦး ရှိနေပြီး သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၄၉ ဦး ရှိနေပါတယ်။

Your browser doesn’t support HTML5


[Unicode Version]




SEE ALSO: မြန်မာ COVID-19 ရောဂါကူးစက်မှု ရပ်မသွားသေးတာကြောင့် မပေါ့ဆဖို့ သတိပေး






SEE ALSO: COVID-19 ကပ်ရောဂါအရေးနဲ့ အနာဂတ် မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု


