တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် ကလေးငယ်တွေ အရေပြားရောဂါတွေဖြစ်နေကြပါတယ်။ အရေပြားပေါ်မှာ အရည်ကြည်အဖုလေးတွေ ထွင်နေကြတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေကြား အစာ အဟာရနဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေရှိနေချိန်မှာ ခုလို အရေပြားပြဿနာတွေ ခံစားနေကြရတာပါ။ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုအောင်အောင်က ပြောပြမှာပါ။
စစ်ဘေးရှောင် ဒုက္ခသည်တွေထဲ လသားအရွယ်ကနေ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေရဲ့ အရေပြားပေါ်မှာ ယားနာနဲ့ အရည်ကြည်ဖု ပုံစံမျိုးတွေ အခုလတ်တလော အဖြစ်များနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ကလေးငယ် အများစုမှာလည်း အခုလို ပုံစံမျိုးတွေ ဖြစ်နေတာပါ။ ကလေးငယ်တွေထဲက တချို့ဆို တပတ်လောက်အထိ ဖျားနာတာမျိုးတွေလည်း ရှိတယ်လို့ ကနီမြို့နယ် လူထုတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။
"ကနီနယ်မှာက စစ်ရှောင်စခန်းတချို့နဲ့ ကျနော်တို့ရောက်ခဲ့သမျှ စာသင်ကျောင်းတွေမှာ ကလေးငယ်တွေ အဖုတွေပေါက်တာ တွေ့ရတယ်။ ဆရာဝန်နဲ့ ပြကြည့်တော့ ခန္ဓာကိုယ်မသန့်ရှင်းလို့ ဖြစ်တာကြောင့်၊ တချို့ကလည်း သောက်ရမယ့်ဆေးတွေ၊ ထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးခဲ့ရတာကြောင့်လို့လည်း ပြောတာဗျ။ အဖုက နှစ်တိုင်းနီးပါး ပေါက်နေကြပေါ့။ ဒါပေမဲ့ ဒီနှစ် ကျွန်တော်တို့ရောက်ဖြစ်တဲ့ စာသင်ကျောင်းတွေဆို တော်တော်များတယ်ပေါ့။ ဒီနေ့ရောက်ဖြစ်တဲ့ စာသင်ကျောင်းဆိုရင် KG တန်းကစလို့ ၁၀ တန်းအထိ ပျောက်တဲ့သူတွေက ပျောက်တယ်၊ ပေါက်တဲ့သူတွေက ပေါက်နေတုန်း။ တယောက်နဲ့ တယောက်ကူးစက်ကြတာ၊ အဲလိုမျိုး ဖြစ်နေကြတာပေါ့ဗျာ။"
ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးကူညီပေးနိုင်မယ့် အလှူရှင်တွေ လိုအပ်နေတာပါ။ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေအပြင်၊ ကလေးငယ်တွေ စာသင်ကြားနိုင်ဖို့ အခြေခံ လိုအပ်ချက်တွေထဲမှာ ကျန်းမာရေးကလည်း အဓိက ပါဝင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာမကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကိုပါ သတိထားပြီး ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ကိုပြည့်အောင်နိုင်က အခုလိုပြောပါတယ်။
"စစ်ရှောင်ကလေးတွေရော၊ ပြည်သူ့အခြေပြုကျောင်းမှာ စာသင်နေတဲ့ ကလေးတွေရောပေါ့။ ယခင်တုန်းကဆိုရင် သူတို့ထိုးသင့်တဲ့ ကာကွယ်ဆေးတွေ ထိုးကြရတယ်။ သောက်သင့်တဲ့ ကာကွယ်ဆေးတွေ သောက်ကြရတဲ့ အနေအထားရှိတယ်ပေါ့။ အခုကာလမှာကတော့ ဒါတွေမရှိပါဘူး။ ဆေးဝါးနဲ့ပတ်သက်ရင် ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှုကတော့ အင်မတန်အားနည်းတယ်။ ကျန်းမာမှလည်း ကလေးတွေက စာသင်ကြားနိုင်မယ်၊ စိတ်တွေက ကြည်လာမယ်ပေါ့။ အခုဟာက စာသင်ခန်းထဲ၊ သစ်ပင်အောက်ထဲ၊ တခြားသော နေရာဒေသ အသီးသီးတွေမှာ သင်နေကြပေမယ့်လို့ ဒီခန္ဓာကိုယ်ကျန်းမာဖို့အပြင် သူတို့ရဲ့စိတ်တွေ ကျန်းမာလာအောင် စာသင်ချင်စိတ်တွေ မပျောက်သွားအောင် ကြိုးစားနေရတာလည်း စိန်ခေါ်မှုတခုပဲပေါ့။ စာသင်နေချိန် ကုန်းကြောင်း၊ ရေကြောင်းကနေ မလာပေမယ့်လို့ လေကြောင်းကို မော့ကြည့်ရတဲ့ အနေအထားလည်း ဖြစ်နေတာပေါ့။ အဲဒါနဲ့ ကလေးတွေစိတ်ဓာတ်မပျက်ယွင်းသွားအောင် လုပ်နေရတဲ့ အနေအထားတော့ ရှိကြပါတယ်။"
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးရသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ နေရာဒေသ အသီးသီးဆီ ထွက်ပြေးကြသူတွေထဲမှာ ဖရူမြို့အနောက်ဘက်ခြမ်း ရောက်လာသူတွေလည်း ရှိပါတယ်။ အခုထပ်ပြီး ရောက်လာတဲ့ ဒုက္ခသည်တွေထဲက ကလေးငယ်တချို့ရဲ့ အရေပြားပေါ်မှာ ယားနာပုံစံမျိုး ပေါက်တာတွေရှိတယ်လို့ ကူညီသူတွေက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အလှူရှင်သိပ်မရှိတဲ့ အဲဒီစစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီဝင်တဦးက ပြောပါတယ်။
"ကလေးငယ်တွေက ယားတယ်၊ ကုတ်လိုက်ရင် အဖုလေးတွေ ထွက်လာတယ်၊ အင်ပြင်ပုံစံ မျိုးတွေပေါ့နော်။ တခြားကြီးကြီးမားမား အရေပြားရောဂါအထိတော့ ကျမတို့ မတွေ့ရသေးဘူး။ အဓိက လိုအပ်ချက်ကတော့ အာဟာရပိုင်းတွေမှာ အများကြီးလိုအပ်နေတယ်။ ဒီအနောက်ဖက်ခြမ်းဆိုရင် အမြဲတမ်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက်ကြောင့် အလှူရှင်တွေ အရောက်နည်းတယ်ပေါ့။ အရောက်နည်းတော့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ရှိတာပေါ့နော်။ ကလေးသူငယ်တွေဆိုရင် ပေါင်ချိန်တိုင်းလိုက်တိုင်း ပေါင်ချိန် ကျနေတာတွေပေါ့။ အာဟာရမပြည့်ဝတာ မျိုးတွေရှိနေတယ်။ ကလေးတွေ သန့်ရှင်းရေးနဲ့ အဓိကကျန်းမာရေးအတွက် တကိုယ်ရေသုံးတွေလည်း လိုအပ်နေသေးတယ်။"
ကရင်နီပြည်ထဲ အခုရက်ပိုင်းထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကြောင့် စစ်ရှောင်ဦးရေတွေလည်း တိုးလာနေပါတယ်။ အဲဒီထဲမှာ လသားအရွယ် ကလေးငယ်တွေ အပါအဝင် ခန္ဓာကိုယ်ပေါ် အဖုပေါက်တာနဲ့ ဖျားနာတဲ့ ကလေးငယ်တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ အလျဉ်းသင့်သလို စစ်ရှောင်နေရတဲ့ အခြေအနေမှာ ကျန်းမာရေးအတွက် ဆရာဝန်ပြနိုင်ဖို့ ခက်ခဲနေပြီး၊ ကူညီပေးနေသူတွေကတော့ အရေပြားဆရာဝန်နဲ့ ပြသနိုင်ဖို့ ကြိုးပမ်းနေသလို၊ ဆေးဝါးအတွက် အလှူရှင်တွေလည်း လိုအပ်နေပါတယ်။
Your browser doesn’t support HTML5