မြန်မာကျပ်ငွေ တန်ဖိုး ရက်ဆက် ကျဆင်းနေတာကို ထိန်းထားနိုင်အောင် ဗဟိုဘဏ်က ကြိုးစားခဲ့ပေမဲ့ ငွေလဲနှုန်းဟာ တဒေါ်လာကို ၁၅၅၀ ကျပ်ဝန်းကျင်နဲ့ ဈေးကွက် စံချိန်ချိုးနေဆဲဖြစ်ပါတယ်။ အစိုးရဘက်က ရေရှည်အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်ပြီဆိုတဲ့ အကြံပေးချက်တွေ ရှိနေချိန်မှာပဲ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံတကာငွေကြေး ဈေးကွက်ရဲ့ ရိုက်ခတ်မှုတွေကို လွန်ဆန်နိုင်သေးမှာ မဟုတ်ဘူးဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
ကျပ်ငွေတန်ဖိုး ကျတဲ့ တချိန်တည်းမှာပဲ ရွှေတစ်ကျပ်သား ဆယ်သိန်းနီးပါး ဖြစ်လာပြီး လောင်စာ ဆီဈေးတွေလည်း တရိပ်ရိပ်တက်နေတာကြောင့် အကျိုးဆက်အဖြစ် အခြေခံစားကုန်တွေ အပေါ် ရိုက်ခတ်မှုတွေ ရှိလာပါတယ်။
ဈေးကွက်ကို ထိန်းနိုင်ဖို့ သန်းနဲ့ချီ ဒေါ်လာတွေကို ဗဟိုဘဏ်က ထုတ်ရောင်းတာ၊ ချေးတာတွေ လုပ်နေတဲ့ တချိန်တည်းမှာ အစိုးရက မလိုအပ်တဲ့သွင်းကုန်တွေ လျော့ချဖို့ စီစဉ်နေတဲ့အကြောင်း စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောဆိုတာကို ပြည်တွင်းသတင်းတွေမှာ ရေးပါတယ်။
မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ ပြည်တွင်း လုပ်ငန်းတွေမှာ ဒေါ်လာနဲ့ ငွေပေးချေတာတွေ မလုပ်ဖို့ စည်းကမ်းသတ်မှတ်ချက်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ လိုမယ်လို့ VOA ကို ပြောပါတယ်။
"မြန်မာနိုင်ငံမှာ Dollarization ဆိုပြီးတော့ ဒီဒေါ်လာနဲ့ အရောင်းအဝယ်မပြုလုပ်ရဘူး ဆိုပြီးတော့ ဗဟိုဘဏ်က နှစ်ပေါင်းတော်တော်ကြာပါပြီ အမိန့်ထုတ်ထားတာတွေ ရှိပါတယ်။ ဒါကသူတို့လိုက်နာခြင်း မရှိတာလေးတွေကို တွေ့ရပါတယ်။ အာဏာ တည်ခြင်းမရှိတာတွေကို တွေ့ပါတယ်။ များများစားစားကတော့ လေယာဉ်လက်မှတ် တွေ လုပ်တာတွေ နောက်ကျောင်းတွေမှာ အနည်းဆုံး ဒေါ်လာ ၃ သောင်း ၅ သောင်း အထိ ပြည်တွင်းမှာ ကျောင်းတွေက တခါတခါ ဒေါ်လာနဲ့ပေးချေရတာတွေ တော်တော် များတဲ့အတွက် နေရာတိုင်းမှာ တော်တော်များများနေရာတွေမှာ ဒေါ်လာနဲ့ပေးချေရတာ တွေ ဒေါ်လာနဲ့ ငွေယူငွေသိမ်းလုပ်နေကြတာပါ။ ဒါလေးတွေကလည်း အထိုက် အလျောက်တော့ Effect ဖြစ်ပါတယ်။ ဆိုတော့ ဒေါ်လာရှားပါးနေတဲ့အချိန်မှာ ဒေါ်လာကို သုံးစွဲမှုကိုချပြီးတော့ မြန်မာငွေနဲ့ပေးချေလို့ရပါတယ်။ ဒါကိုဗဟိုဘဏ် ကလည်း သေသေချာချာ အာဏာတည်အောင်တော့လုပ်သင့်ပါတယ်။ အခုတော့ လျော့တိလျော့ရဲ လုပ်နေတဲ့အတွက် အခုလိုဖြစ်တာပါ။
သြဂုတ်လ ၂၇ ရက်နေ့က့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ အခမ်းအနားမှာလည်း UMFCCI ဘက်က ဒီကိစ္စကို အလေးထား တင်ပြခဲ့ပါတယ်။
ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ အကြံပေး ဦးရဲမင်းဦးကတော့ ကျပ်ငွေတန်းဖိုးကျတာကို ထိန်းထားနိုင်ဖို့ အစိုးရဘက်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ မြင်တဲ့အကြောင်း VOA ကို ပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ငွေကြေးအတက်အကျနဲ့ ပြည်တွင်းက ငွေကြေးကစားမှုတွေရဲ့ ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ သူကမြင်ပါတယ်။
"အစိုးရကတော့ စီမံဘဏ္ဍာဝန်ကြီးဌာနကော စီးပွားကူးသန်းဝန်ကြီးဌာနကော မြန်မာ နိုင်ငံဗဟိုဘဏ် သုံးယောက်လုံးကတွေ့ပြီး တယောက်ခြင်းတာဝန်ခွဲပြီး လုပ်တာလေးတွေ တွေရှိတယ်။ ဗဟိုဘဏ်ဘက်က ဗဟိုဘဏ်ဘက်ကလုပ်ရမယ့် Swap နဲ့ထုတ်ပေးတာ တွေ ပြီးခဲ့တဲ့တပတ်က စထုတ်ပေးတာတွေရှိတယ်။ အဲ့လိုပဲ စီမံဘဏ္ဍာဘက်က သူလုပ် စရာရှိတာလုပ်တယ်။ စီးပွားကူးသန်းဘက်ကလည်း သူလက်ရှိ Re-Export ပိတ်တာတွေ ကိုစလုပ်နေပြီ။ အဲ့တော့ အစိုးရဘက်က Action ကတော့ စသွားနေပါပြီ။ ဒါပေမယ့် ပြင်ပက နိုင်ငံတကာငွေကြေး အတက်အကျပေါ်မူတည်ပြီးတော့ ဒေါ်လာဈေး အတက် အကျတော့ ရှိနေအုံးမှာပဲ ပြည်တွင်းမှာလည်း။ လက်ရှိကအပြင်ကရိုက်ခတ်တာနဲ့ တွဲလျက်က Speculation အချို့ရှိတယ်လို့ အကြမ်းဖျင်းယူဆကြတာပေါ့။ သတင်း တခုထွက်လာရင် အဲ့သတင်းပေါ်မူတည်ပြီး ဈေးကိုဆွဲတင်လိုက်တယ် ဈေးကိုဆွဲချ လိုက်တယ် ဒါမျိုးတွေလုပ်ကြတာပေါ့။ အခု ဒီရက်ပိုင်းဈေးပြန်တက်တာဆိုရင် တကယ့် ဈေးတက်ချင်လို့တက်တာလား ဒါမှမဟုတ် UN အစီရင်ခံစာ ထွက်တယ်ဆိုတဲ့ သတင်းကိုကိုင်ပြီးတော့ ဒေါ်လာဈေးကို ဝင်ကစားတာလား ဒါမျိုးလေးတွေရှိတတ်တာပေါ့။ ကျွန်တော်တို့ ဈေးကျအောင်တော့ကျွန်တော်တို့မလုပ်နိုင်ဘူးဗျ။ ဈေးကအောင်တော့ မလုပ်နိုင်ဘူး။ ဒါပေမယ့် တက်သင့်တာထက်ပိုမတက်အောင်ပဲ ထိန်းထားလို့ရတယ်။"
နိုင်ငံတကာ အခြေအနေ လေ့လာသုံးသပ်သူတယောက်ဖြစ်တဲ့ ဦးမောင်မောင်စိုးကတော့ မြန်မာကျပ်ငွေတန်ဖိုးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ အခြေအနေ စီးပွားရေးအခြေအနေရဲ့ ရိုက်ခတ်မှုကို လွန်ဆန်နိုင်သေးမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
"ကျွန်တော်သိသလောက်ပြောရရင်တော့ တရုတ်နဲ့ကျွန်တော်တို့မြန်မာပြည် စီးပွားရေး တော်တော်ဆက်နွယ်နေတာများပါတယ်။ လောလောဆယ် တရုတ်ငွေဈေးကျနေရင်မြန်မာငွေဈေးဆက်ကျဖို့ အလားအလာရှိပါတယ်။ နောက်တခေါက်တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမပြေလည်ဘူး။ ထပ်ပြီးတော့ အခွန်တွေတိုးတယ် တရုတ်ငွေကျတယ်ဆိုရင် မြန်မာငွေကျတာကတော့ ဆက်ရှိနေလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။"
ဈေးကွက်ကို တည်ငြိမ်အေင် ထိန်းနိုင်ဖို့ဆိုရင် အစိုးရဘက်က အသုံးစရိတ်လျော့ချရေးအပါအဝင် ရေရှည်မှာ လုပ်ဆောင်စရာတွေရှိတယ်လို့ မြင်တဲ့အကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။
" အဓိကဒေါ်လာကတော့ သုံးငွေနဲ့ရငွေ မမျှတလို့ဖြစ်တာပါ။ ဒါကြောင့်မို့ဒီအချိန်မှာ အစိုးရက Fiscal Deficit ပေါ့နော်။ ဘဏ္ဍာငွေလျော့နည်းမှု ဒီဥစ္စာတွေကို ထိန်းချုပ်ဖို့လိုပါတယ်။ သူတို့တွက်ထား တဲ့ ၁၃၅၀ နဲ့တွက်ထားတဲ့ဟာကို အခုလက်ရှိကာလပေါက်ဈေး တွက်ပြီးတော့ ဒီဘတ်ဂျက်ကို ဆွဲဖို့လိုပါတယ်။ ဘတ်ဂျက်မှာအသုံးစရိတ်များနေတဲ့ဟာတွေကို လျော့ဖို့လိုပါတယ်။ တချို့ ပရောဂျက်တွေကိုလည်း လျော့ဖို့လိုပါတယ်။ တချို့ပရောဂျက်တွေမှာ နိုင်ငံပိုင်လုပ်ငန်းတွေမှာ ရှုံးနေတဲ့ဟာတွေကို ရပ်တန့်ဖို့လည်း လိုပါတယ်တခု ဒါလေးတွေက ရေရှည်လုပ်ရမယ့် ဟာတွေပါ ထရိတ်ဒင်းမှာလည်း ဒီအတိုင်းပါပဲ Export ကို ပိုပြီးအားပေးဖို့ Export Incentive တွေပေးဖို့ ရယ် Rebate တွေပေးဖို့ဘာဖို့ ကျွန်တာ်တို့ အကုန်ပြောထားပါတယ်။"
အမေရိကန်ငွေလဲနှုန်း မြင့်တက်တဲ့အတွက် နိုင်ငံအပေါ် ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် ပြည်ထောင်စု အစိုးရအဖွဲ့က ဘာတွေ ဆောင်ရွက်ထားသလဲ၊ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်အတွင်း မှတ်ချက်ပေး တင်ပြတာတွေ ရှိနေပါတယ်။
UMFCCI ကိုသည် စက်မှု လုပ်ငန်းရှင်တွေဘက်ကတော့ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပေးဖို့နဲ့၊ တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းတွေကို ကာကွယ်နိုင်အောင် ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုမယ်ဆိုပြီး နိုင်ငံတော် အစိုးရကို အကြံပေးတင်ပြထားပါတယ်။
Your browser doesn’t support HTML5