ကနေဒါ လူ့အခွင့်အရေး ပြတိုက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ဖယ်ရှားဖို့ ဆုံးဖြတ်

ကနေဒါနိုင်ငံ Winnipeg လူ့အခွင့်အရေးပြတိုက်မှာ ထားရှိတဲ့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ခံရတဲ့ ပုဂ္ဂိုလ် (၆)ဦးထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံမှာ ချိတ်ထားတဲ့ မီးအလင်းရောင်ကို ပိတ်ထားလိုက်တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံ၊ Winnipeg လူ့အခွင့်အရေးပြတိုက်မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဖယ်ရှားတော့မယ်လို့ ပြတိုက်တာဝန်ရှိသူတဦးကို ကိုးကားပြီး ကနေဒါသတင်းမီဒီယာတွေမှာ ရေးထားပါတယ်။

လူ့အခွင့်အရေးပြတိုက်မှာ လူ့အခွင့်အရေး ကာကွယ်သူများနဲ့ မှတ်တိုင်များဆိုပြီး နှစ်ကာလအလိုက် ဖော်ပြထားတဲ့ ပြကွက်ကနေ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို ဖယ်ရှားမှာဖြစ်တယ်လို့ ပြတိုက်တာဝန်ရှိသူတဦးဖြစ်တဲ့ Angela Cassie ပြောတာကို ကိုးကားပြီး သတင်းတွေမှာရေးထားပါတယ်။

လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခအကျပ်အတည်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြသထားတာတွေကို ပြတိုက်ကနေဖယ်ရှားဖို့ တောင်းဆိုတာတွေ ရှိထားတယ်လို့ သတင်းမှာရေးထားပါတယ်။

ဒါ့အပြင် ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားတွေရဲ့ ဓာတ်ပုံပြခန်းမှာ တခြားလူတွေနဲ့အတူ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံကြီးကို ထိုးထားတဲ့မီးတွေကိုလည်း မှိန်ချထားလိုက်ပါတယ်။ အဲဒီရုပ်ပုံရှေ့မှာ ရိုဟင်ဂျာတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုချက်တခုကို ပြသထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက မွတ်ဆလင် ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုသူတွေကို မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းလို့ပဲ သုံးနှုန်းပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ၂၀၀၇ ခုနှစ်က အသိအမှတ်ပြုချီးမြှင့်ထားတာဖြစ်ပြီး ရခိုင် အကျပ်အတည်းဖြစ်လာပြီးနောက်ပိုင်းမှာတော့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ထားတာကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။

Your browser doesn’t support HTML5

ကနေဒါ လူ့အခွင့်အရေး ပြတိုက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ဖယ်ရှားဖို့ ဆုံးဖြတ်