မြန်မာနိုင်ငံကိုအရေးယူဒဏ်ခတ်မှုတွေလုပ်ဆောင် ဖို့အမေရိကန်ပြည်ထောင်စုဘက်က စုံစမ်းစစ်ဆေးတာတွေကိုဆက်ပြီး လုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonက ပြောလိုက်ပါတယ်။ Reuters သတင်းထောက်၂ဦး အဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးစဉ်ကို အကဲဖြတ်စမ်း သတ်နေတဲ့ကိစ္စတခုပဲလို့လည်း ဝန်ကြီးတေလာဆန်ကပြောပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillersonတို့ မနေ့က တွေ့ဆုံမှု အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ Reuters သတင်း ထောက် တဦးက မြန်မာနိုင်ငံမှာအဖမ်းအဆီးခံနေရတဲ့ ကို ဝလုံးနဲ့ကိုကျော်စိုးဦး Reuters သတင်းထောက်၂ဦးတို့နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့သဘောထားကို မေးမြန်းခဲ့ပါတယ်။
မြန်မာပြည်ကReuters သတင်းထောက်၂ဦးကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို အခုချိန်ထိမ သိရသေးတဲ့ကြောင်း။ သူတို့၂ဦးလွတ်မြောက်ရေးအတွက် အမေရိကန် အစိုးရက ဘယ်လိုဖိအားတွေ မြန်မာအစိုးရကိုပေး နေသလဲဆိုတဲ့အကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာကိုအရေးယူပိတ်ဆို့မှုတွေလုပ်ဖို့အစီ အစဉ်တွေ အမေရိကန်ဘက်က ရှိမရှိဆိုတာတွေကို မေးခဲ့ပါတယ်။
"သတင်းထောက်၂ဦးအဖမ်းခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်ကစိုးရိမ်ပူပမ်နေတဲ့အကြောင်းကို မြန်မာနိုင်ငံ မှာရှိတဲ့အမေရိကန်သံရုံးက ထုတ်ဖေါ်ပြောဆိုထားပါတယ်။ လွန်ခဲ့တဲ့သြဂုတ်လလောက်ကတည်းကဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက် မှုတွေနဲ့ လူတွေအမြောက်အများမြန်မာပြည်ထဲကထွက်ခွါသွားကြတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က စုံစမ်းစစ် ဆေးမှုတွေကို ဆက်ပြီးလုပ်ဆောင်နေပါတယ်။ အမေရိကန်အစိုးရကနေပစ်မှတ်ထားအရေးယူမှုတွေလုပ်ဆောင်ဖို့ ဒီအဖြစ်အပျက်တွေမှာတာဝန်ရှိတဲ့သူတွေထဲက တဦးကိုတော့ ဘယ်သူ လဲဆိုတာကို ကျနော်တို့ဖေါ်ထုတ်ထားနိုင်ပါပြီ။ နောက်ဖြစ်နိုင်ခြေရှိသူတဦးကိုလည်း ဆက်ပြီးလေ့လာစစ်ဆေးနေပါတယ်။"
သတင်းလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံမှာ ဘယ်လောက်အရေးကြီးပါသလဲလို့ ရိုက်တာသတင်းထောက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တလ်လာဆန်ကိုဆက်ပြီးမေးပါတယ်။
"သတင်းလွတ်လပ်ခွင့်ဆိုတာက မြန်မာပြည်ရဲ့အသွင်ကူးပြောင်းရေးမှာ မရှိမဖြစ် ရှိရမယ့်ကိစ္စပါ။ ဒါက ဒီမိုကရေစီ အတွက်အလားအလာကောင်းတခုဖြစ်လာမယ့်အရာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီဖေါ်ဆောင်ရေးအောင်မြင်တာကို ကျနော်တို့ကလိုလားပါတယ်။ ဒီမိုကရေစီဖေါ်ဆောင်မှုဟာ လုပ်ငန်းစဉ်အလိုက်ရှိတယ်ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်။ အခုဖြစ်ပျက်နေတဲ့ပဋိပက္ခတွေကို မြန်မာနိုင်ငံက ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေက ဒီမိုကရေစီခရီးလမ်းကိုထိထိရောက်ရောက်နဲ့အောင်အောင်မြင်မြင်ဖေါ်ဆောင်နိုင်မလားဆိုတာကို တကယ် စမ်းသပ်နေတဲ့ကိစ္စတွေပါပဲ"
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ပြောသွားခဲ့တာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာပဋိပက္ခဖြစ်ပွါး ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဝန်ကြီးTillerson နိုဝင်ဘာလကုန်ပိုင်းကရောက်လာခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့နဲ့သူတွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အပြီးရက်ပိုင်းအကြာမှာပဲ ရိုဟင်ဂျာပဋိပက္ခအတွင်း လူမျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားမှုတွေလုပ်ဆောင်ခဲ့တဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillersonက ကြေညာချက်ထုတ်ခဲ့ပါတယ်။ အမေရိကန်လွှတ်တော် အမတ်တွေတော်တော်များများကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ပြစ်ဒဏ်ခတ်အရေးယူမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းနေကြတာပါ။
Your browser doesn’t support HTML5